စက်တင်ဘာလ (၃၀)ရက်။
စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာကို အပြည့်အ၀ထောက်ခံတယ်လို့ ကြံ့ခိုင်ရေးအပါအ၀င် စစ်တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေက မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံထဲ ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးနစ်နာတာတွေ၊ ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ဖို့ကို ဆောင်ရွက်ဖို့နဲ့ အချိန်မီ သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာ၀ရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ချက်ကြောင့်လဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာလို့ ဖော်ပြထားပါတယ်။
ဒီလို ထုတ်ပြန်ကမ်းလှမ်းချက်တွေဟာ ပြည်သူတရပ်လုံးရဲ့ အမှန်တကယ်လိုလားချက်ကို ကိုယ်စားပြုရာရောက်တဲ့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်ဖြစ်တာကြောင့် အပြည့်အ၀ ထောက်ခံတာဆိုပြီး ရေးသားထားပါသေးတယ်။
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာကို ထောက်ခံတယ်ဆိုပြီး ပူးတွဲထုတ်ပြန်တဲ့ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီလက်အောက်ခံ ရွေး/ကော်က ပါတီတည်ထောင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေထဲက (၂၆)ခုဖြစ်ပါတယ်။
အဲ့ဒီနိုင်ငံရေးပါတီ (၂၆)ခုထဲ ကြံ့ခိုင်ရေးနဲ့ တစညတို့ ပါ၀င်ကာ တိုင်းရင်းသားပါတီ (၈)ခုပါ၀င်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။