ဒီဇင်ဘာလ (၃၁)ရက်။
ဒီကနေ့ ရန်ကုန်မှာ ကျင်းပမယ့် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို စစ်ကောင်စီက တစ်ညတာ ယာယီပယ်ဖျက်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခုလို တစ်ညတာ ညမထွက်ရအမိန့် ပယ်ဖျက်ပေးတာဟာ ရန်ကုန် ပြည်သူ့ရင်ပြင်မှာ 2025 Countdown Festival ကျင်းပမှာဖြစ်တာကြောင့်လို့ စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့က ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက ကျင်းပမယ့် 2025 Countdown Festival အတွေက် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်မှာ နံနက် (၁)နာရီကနေ နံနက် (၃)နာရီအထိ ညအထွက်ရအမိန့်ကို ပယ်ဖျက်လိုက်တာပါ။
အဲ့ဒီ 2025 Countdown Festival ကို ဒီကနေ့ နေ့လယ် (၁၂)နာရီကနေ ည (၁၂)နာရီအထိ ပြုလုပ်သွားဖို့ရှိနေပြီး ဖျော်ဖြေရေးအစီအစဉ်တွေအပြင် မီးရှုးမီးပန်းတွေ ပစ်ဖောက်သွားမယ်လို့လဲ ထုတ်ပြန်ထားပါသေးတယ်။
“ စကစက နှစ်သစ်ကူးညရောက်တိုင်း ညမထွက်ရအမိန့်ကို ခေတ္တယာယီဆိုပြီး ပယ်ဖျက်နေတာ။ သူကိုယ်တိုင်ပြဋ္ဌာန်းထားတဲ့ ဥပဒေကို သူ့ကိုယ်တိုင်ပဲ ကြိုက်သလိုချယ်လှယ်လုပ်နေတာ။ ဥပဒေရဲ့အထက်မှာ အာဏာရှင်ရှိနေတော့ ဒီလိုကိစ္စတွေက ကြုံရမှာပဲ” လို့ ရန်ကုန်နေသူတစ်ဦးက ဆိုပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် ပွဲလမ်းသဘင်တွေ ကျင်းပြုလုပ်တာဟာ တည်ငြိမ်အေးချမ်းတယ်ဆိုတာကို အဓိကပြသတာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသားအားကစားပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။
နောက်ပြီး စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လူသားအရင်းအမြစ်တွေ လိုအပ်ချက်ကြီးမားနေတာကြောင့် ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို မြို့ကြီးတွေမှာပါ ပြုလုပ်နေတာကြောင့် လူငယ်တွေ သတိထားကြဖို့ အသိပေးပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။