ဇန်နဝါရီလ (၁)ရက်။
ဘုံရည်မှန်းချက်နဲ့ လျှောက်တဲ့လမ်းကြောင်း မတူတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့ကို တိုက်တွန်းထားပါတယ်။
လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြခံတဲ့ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖန်တီးနေတာလို့ သူက ပြောဆိုထားပါတယ်။
နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ပြုလုပ်နေတာလို့ စွပ်စွဲထားပါသေးတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ဒိမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့နဲ့ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို တွန်းအားပေးဖို့ကိုလဲ တိုက်တွန်းထားပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ ဆောင်ရွက်နေကာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆောင်ရွက်ပေးမယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ကျင်းပတာဖြစ်ပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် အသိအမှတ်မပြုဘဲ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။