ဇန်နဝါရီလ (၁)ရက်။
မနေ့က နှစ်သစ်ကူးနေ့ ညနေ (၄)နာရီအချိန်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဆင်စခန်းစစ်ဘေးရှောင်စခန်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ မနေ့က ညနေ (၄)နာရီလောက် လွိုင်ကော်အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းကို လေကြောင်းကနေညပေါင် (၅၀၀)ဗုံးနဲ့ ကြဲချသွားတာ၊ အဲ့ဒီမှာ စစ်ရှောင်ကလေးတစ်ဦးအပြင် ထိခိုက်သေဆုံးတာတွေရှိတယ်” လို့ ဆိုပါတယ်။
ဆင်စခန်းစစ်ရှောင်စခန်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံရတာကြောင့် (၃)နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အချိန်ဟာ နှစ်သစ်ကူးပွဲတော်ရက်ဖြစ်တာကြောင့် ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က နှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာ (၃၁)ရက် ည (၁၁)နာရီ (၄၀)မိနစ်အချိန်ကလဲ ဒီမော့ဆိုအနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ထိခိုက်ပျက်စီးတာကိုတော့ မသိရသေးပါဘူး။
ကရင်နီပြည်နယ်မှာ ၂၀၂၄ခုနှစ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့ အကြိမ်အရေအတွက် စုစုပေါင်း (၇၈၁)ကြိမ်ရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။