ဇန်နဝါရီလ (၂)ရက်။
မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို လုယက်ခဲ့သူတွေထဲက အမျိုးသား (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ နှာခေါင်းစည်းတွေတပ်ထားတဲ့ အမျိုးသား (၃)ဦး ရောက်ရှိလာပြီး ဆိုင်ထဲ သေနတ်ပြခြိမ်းခြောက်ကာ စုစုပေါင်း ရွှေအလေးချိန် (၃)ပိဿာ(၅၅)ကျပ်သားခန့် လုယက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျုးလွန်သူတွေကို ဖမ်းမိဖို့ စုံစမ်းခဲ့ကြရာ ကျုးလွန်ချိန်မှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်တစ်စီးကို ချမ်းအေးသာစံမြို့ အလင်းရောင်ဆိုင်ကယ်ပြင်ဆိုင်မှာ ပြန်ရောင်းဖို့ အပ်ထားတာကို စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုဖမ်းဆီးခဲ့ရာ ပုသိမ်ကြီးမြို့နယ် ဂွေးကြီးကုန်းရွာနေ အသက်(၂၅)နှစ်အရွယ်ရှိ ဖြိုးသက်အောင်(ခ)ဖြိုးလေးနဲ့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်နေ အသက် (၂၉)နှစ်အရွယ် ဇင်မျိုးထိုက်(ခ)ဇင်မျိုးကို ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဖမ်းမိခဲ့သူ (၂)ဦးဟာ မြဝတီမြို့နေ အောင်မျိုးသူနဲ့ ဝင်းမြတ်သူတို့နဲ့ တွေ့ဆုံခဲ့ပြီးနောက် လုယက်ဖို့ တိုင်ပင်ခဲ့ကြတာဖြစ်ပြီး မြဝတီမြို့ရှိ အောင်မျိုးသူရဲ့နေအိမ်ကို ရှာဖွေခဲ့ပေမယ့် သူ့ကိုမတွေ့ရဘဲ ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ လုယက်မှုကျူးလွန်သူတွေကို မဟာအောင်မြေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ (၃၉၂)နဲ့ အမှုဖွင့်ထားပြီး ဖမ်းမိခဲ့သူ (၂)ဦးကို ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို ကျန်(၂)ဦးကို ဖမ်းမိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။