နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

ရှီကျင့်ဖျင်နဲ့ ပူတင်တို့ဟာ ‘ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနဲ့ မသေနိုင်တဲ့ဘဝ’ကို စိတ်ဝင်စားနေသလား။

JB Press မှာ ပါတဲ့ ဂျာနယ်လစ် ဖူကူရှီးမား ကာအိုရီ (Fukushima Kaori) ရဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ပေးလိုက်ပါတယ်။

ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်မ်ဂျုံအွန် ကွန်မြူနစ် ညီအစ်ကိုသုံးယောက် တွေ့ဆုံခဲ့တဲ့ အကြီးစားပွဲမှာ ရှီကျင့်ဖျင်ရဲ့ မှတ်ချက်က တိုင်ဝမ်ကို လက်နက်အင်အားနဲ့ ပေါင်းစည်းဖို့ အသင့်ဖြစ်နေပြီး အဲ့ဒီရလဒ်ကို သူမသေခင်စောင့်ကြည့်ဖို့ သူ့ရဲ့အသက်ကို ၁၅၀ အထိ ဆွဲဆန့်မယ်လို့ ပြောနေတာလားလို့ စာရေးသူ ဖူကူရှီးမား ကာအိုရီက ဆိုထားပါတယ်။

ဂျပန်ကို တော်လှန်တဲ့စစ်ပွဲ အောင်ပွဲခံခြင်း နှစ် ၈၀ မြောက် စစ်ရေးပြအခမ်းအနားမှာ မိုက်ကရိုဖုန်းကနေ သူတို့ ပြောနေတဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနဲ့ မသေနိုင်တဲ့ဘဝတွေ အကြောင်း ပြောနေတဲ့ စကားတွေကို အသံဖမ်းမိခဲ့တယ်။

ပေကျင်းမြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဂျပန်ဆန့်ကျင်ရေးနဲ့ ကမ္ဘာ့ဖက်ဆစ်ဝါဒကို ဆန့်ကျင်တဲ့စစ်ပွဲ (ဒုတိယကမ္ဘာစစ်) အောင်ပွဲခံခြင်း နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားဟာ ရှီကျင့်ဖျင်အစိုးရရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အချက်အလက်အချို့ကို ဖော်ပြခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ရှီကျင့်ဖျင်ရဲ့ အထိမ်းအမှတ်မိန့်ခွန်းပါ အကြောင်းအရာပဲဖြစ်ပါတယ်။

“ဒီကနေ့ လူသားတွေဟာ ငြိမ်းချမ်းရေး ဒါမှမဟုတ် စစ်ပွဲ၊ ဆွေးနွေးမှု ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှု၊ နှစ်ဦးနှစ်ဖက် အကျိုးရှိတာ ဒါမှမဟုတ် နှစ်ဦးနှစ်ဖက်လုံးရှုံးတာ စတဲ့ ရွေးချယ်တစ်ခုကို လုပ်ရတော့မှာကို ထပ်ပြီး ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်သူတွေဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်ခြမ်းမှာ၊ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုတိုးတက်ရေးဘက်ခြမ်းမှာ ခိုင်မာစွာ ရပ်တည်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆုပ်ကိုင်ထားကာ လူမျိုးအားလုံးနဲ့ လက်တွဲပြီး လူသားကံကြမ္မာရဲ့ လူ့အဖွဲ့အစည်းကို ထူထောင်သွားမှာဖြစ်ပါတယ်”

“စစ်တပ်တစ်ခုလုံးက စစ်သည်တော်တွေဟာ မြင့်မြတ်တဲ့တာဝန်ကို ရိုးသားစွာထမ်းဆောင်ရပါမယ်၊ ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခုကို တည်ဆောက်တာ အရှိန်မြှင့်တင်ရပါမယ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ မိမိတို့နိုင်ငံရဲ့နယ်မြေကို ခိုင်မာစွာ ကာကွယ်ရပါမယ်။ တရုတ်လူမျိုးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြန်လည်နိုးထမှုကို အကောင်အထည်ဖော်ဖို့အတွက် မဟာဗျူဟာမြောက် အထောက်အပံ့တွေ ပေးအပ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားတဲ့ ပံ့ပိုးမှုတွေ ပေးအပ်ရပါမယ်”

“တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ လူမျိုးပေါင်းစုံက ပြည်သူတွေဟာ မာ့က်စ်-လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၊ ကိုယ်စားပြုမှုသုံးရပ် အရေးကြီး အတွေးအခေါ်၊ သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်ရေးအမြင်တို့ကို ဆုပ်ကိုင်ထားရပါမယ်။ ခေတ်သစ်တရုတ်ဝိသေသလက္ခဏာရှိတဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကို ပြည့်ပြည့်ဝဝ ကျင့်သုံးရပါမယ်။ ခိုင်မြဲစွာ လျှောက်လှမ်းရပါမယ်၊ ခုခံစစ်ရဲ့ ကြီးမားတဲ့စိတ်ဓာတ်ကို ဆက်ခံပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့ဟာ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာရှိတဲ့ ဆိုရှယ်လစ် အတွေးအခေါ်ကို ကျင့်သုံးပြီး ခိုင်မာစွာ လျှောက်လှမ်းရပါမယ်၊ ခုခံစစ်ရဲ့ ကြီးမားတဲ့စိတ်ဓာတ်ကို ဆက်ခံပြီး ရှေ့ဆက်ရပါမယ်၊ ခွန်အားနဲ့ ဇွဲရှိရှိနဲ့ ရှေ့ကိုချီတက်ပြီး တရုတ်စနစ်ရဲ့ ခေတ်မီပြုမှုကတဆင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေးနဲ့ အမျိုးသား ပြန်လည်နိုးထရေးကို အရှိန်အဟုန်မြှင့်တင်ဖို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရပါမယ်!”

ထိုင်ဝမ်ကို တိုက်ရိုက် ရည်ညွှန်းတာ မဟုတ်ပေမယ့် ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းဖို့ ခိုင်မာတဲ့ ဆန္ဒရှိကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတဲ့ စကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က နှစ် ၇၀ ပြည့် စက်တင်ဘာ ၃ ရက်နေ့မှာ စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ “တရုတ်နိုင်ငံဟာ ဘယ်တော့မှ အာဏာ မဖော်ဆောင်ပါဘူး” လို့ အလေးအနက်ပြောခဲ့တာနဲ့ နှိုင်းယှဉ်ရင် တကယ်ကို စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ မိန့်ခွန်းပါပဲ။

ဒီတစ်ကြိမ်မှာ ရှီကျင့်ဖျင်ဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ပါတီနဲ့ ပြည်သူတွေ ယုံကြည်အားထားရတဲ့ သူရဲကောင်းတပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က မိန့်ခွန်းမှာတော့ “PLA ဟာ ပြည်သူ့သားသမီးစစ်သား” လို့ ပြောခဲ့ပြီး “စစ်တပ်တစ်ခုလုံးမှ စစ်သည်တော်တွေဟာ စေတနာထားပြီး ပြည်သူကို အကျိုးပြုရမယ်ဆိုတာ အခြေခံမူ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ “မိခင်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်သူ့ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ကို မြင့်မြတ်တဲ့တာဝန်အဖြစ် သစ္စာရှိစွာ ထမ်းဆောင်ရပါမယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ မြင့်မြတ်တဲ့တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ရပါမယ်” လို့ ပြောခဲ့ပါတယ်။ PLA စစ်သားတွေနဲ့ ပြည်သူတွေကြားက စိတ်ပိုင်းဆိုင်ရာ အကွာအဝေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုများလာတယ်လို့ ခံစားရပါတယ်။

ဒီမိန့်ခွန်းအကြောင်းအရာ ပြောင်းလဲသွားတာဟာ ရှီကျင့်ဖျင် ပြုလုပ်ခဲ့တဲ့ စစ်ရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်အဖြစ် PLA ဟာ ထိပ်တန်းအဆင့် ဖြစ်လာခဲ့တယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ဖော်ပြနေသလိုပဲ၊ PLA ရဲ့ အခုလက်ရှိ အဓိကတာဝန်ဟာ “ပြည်သူကို အကျိုးပြုခြင်း” ကနေ ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရေးအဖြစ် ပြောင်းလဲသွားတယ်ဆိုတာကို ပြသနေပါတယ်။ လွန်ကဲတဲ့ အနေအထားနဲ့ ပြောရမယ်ဆိုရင် ပြည်သူ့ဘဝတွေကို စတေးပြီး ထိုင်ဝမ်ကို ပေါင်းစည်းရေးကို ဦးစားပေးလိမ့်မယ်လို့ ဆိုလိုတာပါ။

ရှီကျင့်ဖျင်ရဲ့ သံတမန်ရေးရာ စွမ်းဆောင်မှု အောင်မြင်ခဲ့ခြင်း

+++++++++++++++

ရှန်ဟိုင်း အရှေ့အာရှ သုတေသနဌာနမှ သုတေသီ ပေါင်ချန်ခီ (Bao Chengke) ဟာ စင်္ကာပူ တရုတ်ဘာသာ သတင်းစာဖြစ်တဲ့ လီယန်ဟေကျောက်ပေါင် (Lianhe Zaobao) မှာ “၂၀၁၅ ခုနှစ်တုန်းက ထိုင်ဝမ်ဟာ မာယင်းကျိုအစိုးရလက်အောက်မှာ ရှိနေပြီး နှစ်ဖက်ဆက်ဆံရေးဟာ ဆက်နွှယ်မှု ရှိခဲ့ပေမယ့် အခုအချိန်မှာ နှစ်ဖက်ဆက်ဆံရေးဟာ တင်းမာမှုတွေ တိုးလာနေပါတယ်။ ဒါကြောင့် ရှီကျင့်ဖျင်အနေနဲ့ PLA ရဲ့ တာဝန်ကို ရည်ညွှန်းတဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ အရေးကြီးတဲ့ သမိုင်းဝင်တာဝန်နဲ့ တာဝန်ဝတ္တရား ဖြစ်တယ်လို့ ရှင်းပြခဲ့တာ ဖြစ်နိုင်ပါတယ်” လို့ သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီစစ်ရေးပြအခမ်းအနားမှာ ထိုင်ဝမ်ကို လက်နက်နဲ့ ပြန်လည်ပေါင်းစည်းရေး စစ်ဆင်ရေးကို ရည်ရွယ်ပုံရတဲ့ လက်နက်အသစ်များစွာကိုလည်း ပြသခဲ့ပါတယ်။ အမေရိကန်အထိ ရောက်နိုင်တဲ့ နျူကလီးယားထိပ်ဖူး တပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက် ဒုံးကျည်သစ် Dongfeng-61 (ICBM)၊ မိုင် ၂၀,၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ Dongfeng-5C၊ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ Julang-3 တို့ကို ပြသခဲ့တာဟာ ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခဖြစ်ပွားပါက အမေရိကန်စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို တားဆီးဖို့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်။

စစ်ဘက်ဆိုင်ရာ ဒရုန်းတွေ၊ ဝံပုလွေစက်ရုပ် (စက်ရုပ်ခွေးပုံစံ တိုက်ခိုက်ရေးစက်ရုပ်)၊ ဒရုန်းအုပ်စု ထိန်းချုပ်စနစ်၊ ရန်သူ့ဒရုန်း အသုံးမပြုနိုင်အောင် လုပ်ဆောင်တဲ့စနစ်တို့ဟာ ရုရှား-ယူကရိန်းစစ်ပွဲကို အတုယူပြီး ထိုင်ဝမ်ကျူးကျော်မှုမှာ အဓိကနေရာကနေ ဒရုန်းလက်နက်တွေ ပါဝင်လာမယ်ဆိုတာကို သက်သေပြနေပါတယ်။ ရေအောက် ဒရုန်းတွေဖြစ်တဲ့ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ နျူကလီးယား တော်ပီဒိုအဖြစ် အသုံးပြုနိုင်တဲ့ “AJX002” နဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောကြီး HSU100 တို့ဟာ ရေ၊ ကုန်း၊ လေတို့မှာ နျူကလီးယားနဲ့ ဒရုန်းတွေနဲ့ တိုက်ပွဲဝင်နိုင်တဲ့ စွမ်းရည်ကို ပြသနေပါတယ်။

ဒါ့အပြင် ဒီ စက်တင်ဘာ ၃ ရက်နေ့ စစ်ရေးပြအခမ်းအနားမှာ အထူးသဖြင့် မှတ်သားစရာကောင်းတာကတော့ ရှီကျင့်ဖျင်ရဲ့ သံတမန်ရေးရာ စွမ်းဆောင်မှုဟာ အလွန်အမင်း အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်တို့ရဲ့ အလယ်မှာ ရှီကျင့်ဖျင်ဟာ တီယန်အန်မင် (Tiananmen) ရဲတိုက်ကြီးပေါ်ကို တက်လာတဲ့ မြင်ကွင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကင်မ်ဂျုံအွန်လို ပုဂ္ဂိုလ်တစ်ဦး နိုင်ငံတကာပွဲတွေကို လာရောက်တာဟာ အလွန်ရှားပါးပြီး တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့ရဲ့ ကွန်မြူနစ် ညီအစ်ကိုသုံးယောက်ရဲ့ လက်ရှိခေါင်းဆောင်တွေ ဒီလိုမျိုး အတူတကွ ပခုံးချင်းယှဉ် ရပ်နေတာဟာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲတုန်းကတောင်မှ ဒီသုံးနိုင်ငံခေါင်းဆောင်တွေ အတူတူရှိနေတဲ့ ဓာတ်ပုံ မကျန်ရှိခဲ့ပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးအနေနဲ့ တီယန်အန်မင် ရဲတိုက်ကြီးပေါ်ကနေ PLA ရဲ့ စစ်ရေးပြအခမ်းအနားကို လာရောက်ကြည့်ရှုတာဟာ ၁၉၅၉ ခုနှစ်က ကင်မ်အီလ်ဆွန်းနောက်ပိုင်း ပထမဆုံးအကြိမ်ပါ။ ဒါ့အပြင် ကင်မ်ဂျုံအွန်ဟာ မေလက မော်စကိုမြို့ရဲ့ အနီရောင်ရင်ပြင်မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားကိုလည်း တက်ရောက်ခဲ့တာ မရှိပါဘူး။ ဒါဟာ ကွန်မြူနစ် ညီအစ်ကိုသုံးယောက်ရဲ့ “အစ်ကိုကြီး” နေရာဟာ ရုရှားကနေ တရုတ်ကို ပြောင်းသွားပြီဆိုတာကို သက်သေပြနေပါတယ်။

အဓိကဧည့်သည်ဖြစ်တဲ့ ပူတင်၊ ဒုတိယအဓိကဧည့်သည် ကင်မ်ဂျုံအွန်အပြင် ဒီတစ်ကြိမ်မှာ နိုင်ငံတော် အကြီးအကဲ ၂၄ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မှတ်ချက်။ မူလဂျပန်စကားအတိုင်းသုံးထားပါတယ်)၊ အီရန်သမ္မတ ပေဇေရှ်ခီယန် (Pezeshkian)၊ အာရှအလယ်ပိုင်းနိုင်ငံ ၅ နိုင်ငံနဲ့ အရှေ့တောင်အာရှ၊ အာဖရိကနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို (Prabowo) လည်း စက်တင်ဘာ ၃ ရက် မိုးမလင်းမီမှာ လာရောက် တက်ရောက်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်ကို အဓိကဝင်ရိုးအဖြစ်ထားတဲ့ နိုင်ငံတကာစနစ်ကို ဆန့်ကျင်တဲ့ ကမ္ဘာ့အစီအစဉ်သစ်တစ်ခုကို ရုရှား၊ မြောက်ကိုရီးယား၊ အာရှနဲ့ အာဖရိကက ဂလိုဘယ်တောင်ပိုင်း (Global South) နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဦးဆောင်ပြီး ဖွဲ့စည်းသွားမယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းစကားကို ရှီကျင့်ဖျင်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ CCTV ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မိုက်ကရိုဖုန်းဟာ ရှီကျင့်ဖျင်နဲ့ ပူတင်တို့ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုနဲ့ မသေနိုင်တဲ့အသက်ရှည်မှုအကြောင်းကို “မတော်တဆ” စကားပြောနေတာကို (စကားပြန်ရဲ့ စကားလုံးတွေ) ဖမ်းမိခဲ့တာပါပဲ။ ဒါဟာ မတော်တဆ ဖြစ်ပုံရပေမယ့် မတော်တဆ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။

“လျှို့ဝှက်စကားဝိုင်း” ရဲ့ အံ့အားသင့်စရာ အကြောင်းအရာ

+++++++++++++++++++

ရှီကျင့်ဖျင်က “အရင်တုန်းက အသက် ၇၀ ကျော်တဲ့သူတွေ ရှားပေမယ့် အခုတော့ ၇၀ ဆိုတာ ကလေးလို့တောင် ပြောကြတယ်” လို့ ပြောခဲ့ပြီး ပူတင်က “ဇီဝနည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ လူ့ကိုယ်တွင်းအင်္ဂါတွေကို ဆက်တိုက်အစားထိုးနိုင်ပြီး လူတွေဟာ ပိုပိုပြီး နုပျိုလာကာ နောက်ဆုံးမှာ မသေနိုင်တဲ့ဘဝကိုတောင် အကောင်အထည်ဖော်နိုင်မယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ထို့အပြင် ရှီကျင့်ဖျင်က “ဒီရာစုအတွင်းမှာ အသက် ၁၅၀ အထိ နေနိုင်မယ်လို့ ခန့်မှန်းထားတာတွေတောင် ရှိတယ်” လို့ ပြောခဲ့ပါတယ်။

ဒီစကားဝိုင်းကို ကမ္ဘာအနှံ့ပျံ့အောင် လုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက်ကို စူးစမ်းကြည့်မယ်ဆိုရင် ရှီကျင့်ဖျင်နဲ့ ပူတင်တို့ နှစ်ယောက်စလုံးဟာ မနှစ်ကတည်းက သူတို့ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အွန်လိုင်းကောလဟာလတွေ ဆက်တိုက် ပျံ့နှံ့နေတာကို သတိပြုမိပုံရပါတယ်။ အနည်းဆုံးတော့ ကျန်းမာရေးပြဿနာတွေကြောင့် စောစီးစွာ ရာထူးကနေ အနားယူမယ်လို့ ခန့်မှန်းချက်တွေ များနေတဲ့ ရှီကျင့်ဖျင်ဟာ ဒီကျန်းမာရေးမကောင်းဘူးဆိုတဲ့ ကောလဟာလကို ခေတ်မီဆေးပညာနဲ့ ပယ်ချပြီး အချိန်ကြာကြာ အာဏာကို ဆက်ထိန်းထားချင်တယ်ဆိုတာကို CCTV ကနေတဆင့် ပြည်တွင်းပြည်ပကို ထုတ်လွှင့်ချင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

တရုတ်လေ့လာသူများစွာက ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ၂၁ ကြိမ်မြောက် ပါတီညီလာခံမှာ ရှီကျင့်ဖျင်ဟာ စတုတ္ထအကြိမ်မြောက် အစိုးရကို ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်ဘူးလို့ မြင်နေကြပါတယ်။ ဒီလို ခန့်မှန်းချက်တွေကို ငြင်းပယ်ဖို့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ လီရှန်ဖူ (Li Shangfu) ကာကွယ်ရေးဝန်ကြီးဟောင်း ရာထူးကနေ ဆုံးရှုံးတာအပါအဝင် စစ်တပ်ကို ခိုင်မာအောင်နဲ့ နည်းပညာမြင့်အောင် လုပ်ဆောင်ဖို့ ရှီကျင့်ဖျင်က စစ်တပ်အတွင်း ခန့်အပ်ခဲ့တဲ့ သူတွေအားလုံး ကျရှုံးခဲ့ပြီး ရှီကျင့်ဖျင်ဟာ သူ့ကိုယ်သူ ရွေးချယ်ခန့်အပ်ခဲ့တဲ့ PLA အရာရှိတွေကို တစ်ယောက်ပြီး တစ်ယောက် ဖြုတ်ထုတ်ခဲ့ပါတယ်။ အများစုကတော့ ဒုံးပျံတပ်ဖွဲ့ (Rocket Force)၊ စက်ပစ္စည်း ဖွံ့ဖြိုးရေးဌာန (Equipment Development Department)၊ စစ်ဘက်နည်းပညာကဏ္ဍ (Military-industrial sector) လို့ ခေါ်တဲ့ လေကြောင်း-အာကာသ နည်းပညာမြင့် အင်ဂျင်နီယာ အရာရှိတွေ ဖြစ်ပြီး ရှီကျင့်ဖျင်ရဲ့ ချစ်မြတ်နိုးရသူတွေဖြစ်တဲ့ မျောင်ဟွာ (Miao Hua) နဲ့ ဟီဝေတုန်း (He Weidong) တို့လို ဖူကျန့် (Fujian) အုပ်စုက အရာရှိတွေလည်း ပါဝင်ပါတယ်။

တရုတ်လေ့လာသူများစွာက ဒီအဖြစ်အပျက်တွေကြောင့် ရှီကျင့်ဖျင်နဲ့ PLA ကြားက ယုံကြည်မှုပြိုလဲသွားပြီး PLA အတွင်းမှာ ရှီကျင့်ဖျင်ဆန့်ကျင်ရေး အင်အားစုတွေ ပေါ်ထွန်းလာနေတယ်လို့ ပြောဆိုနေပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ရှီကျင့်ဖျင်ရဲ့ ငယ်သူငယ်ချင်းနဲ့ ရင်းနှီးတဲ့သူငယ်ချင်းအဖြစ် သတ်မှတ်ခံရတဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်းယိုရှား (Zhang Youxia) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစစ်ရေးပြအခမ်းအနားမှာ ကျန်းယိုရှားရဲ့ ထိုင်ခုံနေရာဟာ တီယန်အန်မင်ရဲတိုက်ကြီးရဲ့ ညာဘက်ခြမ်း၊ ကျန်းချင်ဟုန် (Zeng Qinghong)၊ လီချန်ချွန်း (Li Changchun)၊ လျူယွင်ရှန် (Liu Yunshan)၊ ဝမ်ချီရှန် (Wang Qishan)၊ ကျန်းကောင်းလီ (Zhang Gaoli) တို့ရဲ့ အနောက်ဘက်ဆုံးမှာ ရှိနေပြီး တီဗွီဖန်သားပြင်ကနေတောင် မြင်ရခက်တဲ့ နေရာမှာ ဖြစ်ပါတယ်။

ဒါကြောင့် “PLA ဟာ ရှီကျင့်ဖျင်ကို ဆန့်ကျင်တဲ့ ကျန်းယိုရှားရဲ့ လက်ထဲမှာ ရှိနေပြီး ကျန်းယိုရှားက ရှီကျင့်ဖျင်ကို စောစောစီးစီး အနားယူဖို့ ဖိအားပေးနေတယ်” ဆိုတဲ့ ကောလဟာလဟာ သိပ်ပြီး ယုံကြည်စရာ မရှိတော့ပါဘူး။ ကျန်းယိုရှားဟာ အနားယူသွားသူတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဖြစ်ပါတယ်။

စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားနေကြတဲ့ ညီအစ်ကိုသုံးယောက်

ဒီတစ်ကြိမ် စစ်ရေးပြအခမ်းအနားကို ကြည့်မယ်ဆိုရင် ရှီကျင့်ဖျင်ဟာ စစ်တပ်အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး ထိုင်ဝမ်ကို လက်နက်အားနဲ့ ပြန်လည်ပေါင်းစည်းရေးကို PLA ရဲ့ မြင့်မြတ်တဲ့တာဝန်အဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်ဖို့ ခိုင်မာတဲ့ ဆန္ဒကိုလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုလို နည်းလမ်းမျိုးစုံကို အသုံးပြုပြီး သက်တမ်းကို ဆက်လက်ရှည်ကြာစေကာ အုပ်ချုပ်သူတစ်ဦးအနေနဲ့ ဒီအရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်သွားဖို့ ရည်ရွယ်ပုံရပါတယ်။

ဒါပေမယ့် ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးအရ ထင်မြင်ချက်ကတော့ လူအတော်များများဟာ ကိုယ်ပိုင်အားနည်းချက်ကို သိရှိလာတဲ့အခါမှာ ပိုပြီးတော့ အဲဒါကို ငြင်းပယ်ပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ပြတတ်ကြပါတယ်။ အထူးသဖြင့် ရှီကျင့်ဖျင်လို လူမျိုးတွေဟာ ဒီလိုမျိုးပဲ မဟုတ်ဘူးလား။

လွန်ခဲ့တဲ့ ၁၀ နှစ်က စက်တင်ဘာ ၃ ရက် စစ်ရေးပြအခမ်းအနားတုန်းက ဘယ်ဘက်လက်နဲ့ အလေးပြုခဲ့တာကြောင့် ရှီကျင့်ဖျင်ဟာ စစ်တပ်အကြောင်း မသိဘူးလို့ PLA အတွင်းမှာ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီ ၁၀ နှစ်အတွင်းမှာ ကြောက်စရာကောင်းတဲ့ စစ်ရေးပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပြီး စစ်အင်အားကို နည်းပညာမြင့်ပြီး ခေတ်မီအောင် လုပ်ဆောင်ခဲ့သလို စစ်တပ်အရာရှိကြီးတွေကိုလည်း အလုံးစုံ ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်မှုရဲ့ ရလဒ်အနေနဲ့ ပုံမှန်အားဖြင့် ရှီကျင့်ဖျင်နဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်တတ်အကြီးအကဲ ၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဗဟိုစစ်ကော်မရှင်ထဲက ၃ ဦးကို ဖယ်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ရှီကျင့်ဖျင်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ စစ်ဆေးနိုင်ခြင်း မရှိတော့ဘဲ PLA ရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ရက်စက်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့ ဒရုန်းအခြေပြုတပ်ဖွဲ့တွေနဲ့ အမေရိကန်ကိုတောင် တိုက်ခိုက်နိုင်တဲ့ နျူကလီးယားလက်နက်အုပ်စုတွေကို ပိုင်ဆိုင်ထားတဲ့ ရှီကျင့်ဖျင်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ကိုယ်ပိုင်စစ်တပ်တစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ သူ့ရဲ့ ကျန်းမာရေးပြဿနာရှိနေတယ်ဆိုတာကို သိရှိပြီး ပါတီဗဟိုအဖွဲ့အစည်းအတွင်းနဲ့ ပြည်သူ့လူ့အဖွဲ့အစည်းမှာ သူ့ကို စောစောစီးစီး အနားယူစေချင်တဲ့ ဆန္ဒများစွာ ရှိနေတယ်ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါကြောင့် ထိုင်ဝမ်ကို ပေါင်းစည်းရေးဆိုတဲ့ “ကြီးမြတ်တဲ့အလုပ်” ကို မလုပ်နိုင်ဘူးဆိုရင် သူ့ရဲ့ အာဏာတည်မြဲမှုဟာ အန္တရာယ်ရှိနေတာကို သိရှိပါတယ်။

ဒီစိုးရိမ်ပူပန်မှုကို နားလည်ပြီး မျှဝေခံစားနိုင်သူတွေကတော့ သူ့လိုပဲ အာဏာရှင်တွေဖြစ်တဲ့ ပူတင်နဲ့ ကင်မ်ဂျုံအွန်တို့ပဲ ဖြစ်မှာပါ။ သူတို့နဲ့အတူ နိုင်ငံတကာစနစ်သစ်တစ်ခုကို တည်ထောင်ခြင်းဟာ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ အားနည်းချက်ကြောင့် ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုတွေကနေ တကယ်ကို လွတ်မြောက်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အင်အားကြီးလာပြီဆိုတာကို ပြသပြီး အမေရိကန်ကို ရန်စနေတဲ့ စစ်ရေးပြအခမ်းအနားအဖြစ် လူအများက သုံးသပ်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ ဒါဟာ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အလွန်အကျွံ စွမ်းဆောင်ပြနေသလိုပဲ မြင်ရပါတယ်။

ဒါပေမယ့် အားနည်းတဲ့ အာဏာရှင်တစ်ဦးရဲ့ ထိန်းချုပ်မရတဲ့ အပြုအမူထက် ပိုကြောက်စရာကောင်းတာ ဘာမှ မရှိပါဘူး။ ဒီလို တွေးကြည့်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ တရုတ်ကို ပိုပြီးတော့ ကြောက်ရွံ့ပြီး ပိုပြီး သတိထားရမှာဖြစ်တယ်ဆိုတာ ပြောစရာ မလိုပါဘူး။ အထူးသဖြင့် ထိုင်ဝမ်အရေးပဋိပက္ခဖြစ်နိုင်တယ်ဆိုတာကို အလေးအနက် စဉ်းစားပြီး ပြင်ဆင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ဂျာနယ်လစ် ဖူကူရှီးမား ကာအိုရီရဲ့ ကိုယ်ရေးအကျဉ်း

________________________________________

ဖူကူရှီးမား ကာအိုရီ (Fukushima Kaori) – ဂျာနယ်လစ်

အိုဆာကာတက္ကသိုလ်၊ စာပေမဟာဌာနမှ ဘွဲ့ရရှိပြီးနောက် ဆန်ကေးရှင်းဘွန် သတင်းစာမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ရှန်ဟိုင်း ဖူတန်တက္ကသိုလ်မှာ ဘာသာစကားသင်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဟောင်ကောင်၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပေကျင်းမြို့တို့တွင် ဆန်ကေးရှင်းဘွန်သတင်းထောက်အဖြစ် သတင်းလိုက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တွင် သတင်းစာမှ နုတ်ထွက်ပြီးနောက် အလွတ်တန်းဂျာနယ်လစ် ဖြစ်လာခဲ့ပါတယ်။ အဓိကအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စရပ်တွေကို အထူးပြု ရေးသားနေပါတယ်။ ထင်ရှားတဲ့ စာအုပ်တွေကတော့ “ တရုတ်က ဘာကြောင့် ထိုင်ဝမ်ကို ပေါင်းစည်းမယူနိုင်တာလဲ” (၂၀၂၃၊ PHP Publishing) နဲ့ “ ရှီကျင့်ဖျင်ရဲ့ ‘အာဏာရှင် ခေတ်သစ်’ ပြိုလဲဖို့ ရေတွက်စတင်ခြင်း” (၂၀၂၃၊ Kaya Books) တို့ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 24 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 36 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို