ဇန်နဝါရီလ (၇)ရက်။
ပတ်စ်ပို့အတုပြုလုပ်ပေးပြီး ထိုင်းနဲ့ မလေးရှားကို အလုပ်သမားပို့ဆောင်ဖို့ စီစဉ်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၉)ရက်နေ့က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ မဲဆောက်ကို ယာယီဖြတ်သန်းခွင့်လက်မှတ်နဲ့ဖြတ်သန်းမယ့် အမျိူသမီးငယ် (၃)ဦးအပါအဝင် လူငယ် (၁၁)ဦးကို ပတ်စ်ပို့စာအုပ်အတုတွေနဲ့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဖမ်းမိခဲ့သူတွေထဲက (၉)ဦးဟာ ရန်ကုန် ကျောက်တံတားမြို့ရှိ One Asia အလုပ်အကိုင်အေဂျင်စီနဲ့ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတို့က အခကြေးငွေယူပြီး ပတ်စ်ပို့အတုပြုလုပ်ကာ ဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပို့ဆောင်ပြီး အဲ့ဒီကနေတဆင့် ဘန်ကောက်မြို့ကို ပို့ဆောင်ကာ လေကြောင်းလိုင်းနဲ့ ထိုင်းတောင်ပိုင်းရှိ နရာဝသီမြို့ကနေ မလေးရှားနယ်စပ် ကလန်တန်းမြို့ကနေ ကွာလာလမ်ပူမြို့ကို ပို့ဆောင်တာလို့ ရေးသားထားပါတယ်။
နောက်ပြီး တရားမဝင် ကုန်းလမ်းကနေ မော်တော်ယာဉ်နဲ့အပါအဝင် မလေးရှားနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ ပတ်စ်ပို့အတုကိုင်ဆောင် သွားလာလုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူထားတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဂျွန်ကိုကိုဆိုသူအနေနဲ့ ဗလနဲ့ စုမြတ်တို့အပါ (၁၄)ဦးတို့အပ်နှံတဲ့ ပတ်စ်ပို့အတု (၇၃၄)အုပ်ကို ပြုလုပ်ပေးခဲ့ကာ ဖမ်းဆီးဖို့ကျန်နေသူတွေကိုလဲ ဖမ်းဆီးရမိဖို့အတွက် ဆက်လက်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။