ဇန်နဝါရီလ (၉)ရက်။
မနေ့က နံနက် (၉)နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့၊ လမ်း(၃၀) အလယ်ဘလောက်ရှိ ရွှေချစ်သူ စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ ရွှေရောင်းချင်တယ်ဆိုပြီးပြောလို့ တံခါးဖွင့်ပေးရာကနေ သေနတ်တွေ ဓါးတွေနဲ့ ဝင်လုတာ။ ဖြစ်တာက ပန်းဘဲတန်း လမ်း(၃၀)အလယ်ဘလောက်က ရွှေချစ်သူ စိန်ရွှေရတနာဆိုင်” လို့ ဆိုပါတယ်။
ရွှေဆိုင်ထဲ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာအပါအဝင် ဆိုင်ဝန်ထမ်းတို့ ရှိနေချိန် အမည်မသိအမျိုးသားတစ်ဦးက ရွှေရောင်းချင်တယ်ဆိုတာကြောင့် တံခါးဖွင့်ပေးချိန် အနောက်က နောက်ထပ် (၂)ဦးထပ်ရောက်လာပြီး သေနတ်တွေ ဓါးတွေနဲ့ ခြိမ်းခြောက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီအမည်မသိအမျိုးသား (၃)ဦးဟာ သေနတ်တွေ ဓါးတွေနဲ့ ခြိမ်းခြောက်ပြီး ကောင်တာဘေးမှာချထားတဲ့ ကျပ်သိန်း (၅၀၀)အပြင် စိန်ရွှေပစ္စည်းမျိုးစုံ ကျပ်သိန်း(၁၀၀၀၀)ခန့်နဲ့ ဖုန်း (၄)လုံးကို လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဆိုင်ထဲ လုယက်ဓါးပြတိုက်သူတွေဟာ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်မိုးနှင်းစိုးအပါအဝင် (၃)ဦးကို အခန်းအနောက်ရှိ ရေချိုးခန်းထဲကို ထည့်ကာ မှန်ဘောင်နဲ့ပိတ်ထားပြီး ပြန်လည်ထွင်ခွာသွားခဲ့တာပါ။
ဓါးပြတိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဆိုင်ပိုင်ရှင် ဒေါ်မိုးနှင်းစိုးက သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တရားခံဖမ်းမိဖို့ ပိတ်ဆို့စစ်ဆေးခဲ့ရာ အခုအထိတော့ တရားခံကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။