ဇန်နဝါရီလ (၉)ရက်။
စစ်ကောင်စီက အခုနှစ်ထဲ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် မဲစာရင်းတွေပြုစုဖို့ မနေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အိမ်ထောင်စုအမှတ်စဉ်တွေ ဖြည့်သွင်းနိုင်ဖို့နဲ့ လူဦးရေစာရင်းတွေ မြေပြင်စိစစ်အတည်ပြုနိုင်ဖို့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီအစည်းအဝေးထဲ ရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲအတွက် အဘက်ဘက်ကနေ အသင့်ဖြစ်နေဖို့ ဆောင်ရွက်နေကာ ပေးပို့လာတဲ့ လူဦးရေစာရင်းကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS)ထဲ ထည့်သွင်းထားတယ်လို့ အသိပေးထားပါတယ်။
မဲရုံအလိုက် မဲစာရင်းတွေပြုစုရာမှာ မဲရုံမှာ မဲပေးရမယ့် နယ်မြေသတ်မှတ်ချက်အတိုင်း ပြုစုပြီး နယ်မြေသတ်မှတ်ချက်ထဲ ပါဝင်တဲ့ အိမ်ထောင်စုအားလုံးအနေနဲ့ အစီအစဉ်တကျ ပါဝင်ဖို့ ညွှန်ကြားထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခု ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားပြီး သန်းခေါင်စာရင်းကောက်ယူတာနဲ့ မဲစာရင်းအတွက် ကြိုတင်ပြင်ဆင်တာတွေကို ပြုလုပ်လာနေတာပါ။
စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားတို့က ကူညီသွားမယ်လို့ ပြောဆိုထားကာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပတဲ့အခါ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ ဖိတ်ခေါ်သွားမယ်လို့ ပြောဆိုထားပါတယ်။
မကြာခင် ICC ရဲ့ ဖမ်းဝရမ်းထုတ်တာကို ခံရတော့မယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးဂုဏ်သိက္ခာအရ ထောက်ခံအားပေးတာမလုပ်ဖို့ NUG က တိုက်တွန်းထားတယ်လို့ သိရပါတယ်။