ဇန်နဝါရီလ (၁၀)ရက်။
တိုင်းရင်းသားတွေအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ သဘောထားကွဲလွဲတာတွေ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနဲ့ လွှတ်တော်လမ်းကြောင်းပေါ်ကို ရောက်ရှိအောင် ကြိုးပမ်းဖို့ ဆိုပါတယ်။
နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ တိုင်းရင်းသားတွေအချင်းချင်း ပြည်ထောင်စုစိတ်ဓါတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမှသာ အောင်မြင်မယ်လို့ ပြောဆိုထားပါတယ်။
ဒီကနေ့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေအားလုံးအတွက် လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ကင်းမဲ့ကာ ဆင်းရဲဒုက္ခကြုံနေရတယ်လို့ သူက ထည့်သွင်းပြောဆိုထားပါသေးတယ်။
ဒါ့ကြောင့် ပြည်တွင်းပြည်ပ ပယောဂတွေနဲ့ နိုင်ငံနဲ့လူမျိုးကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ကာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုပြီးလဲ တိုက်တွန်းထားပါတယ်။
စစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးစကား မကြာခဏဆိုသလို ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်နေကာ နွေဦးတော်လှန်ရေးကာလထဲ ပြည်သူ (၆၀၀၀)ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။