ဇန်နဝါရီလ (၁၁)ရက်။
ဇန်နဝါရီလ (၈)ရက်နေ့ ည (၁၂)နာရီခွဲခန့်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) သစ်တောလမ်းနဲ့ ချယ်ရီလမ်းထောင့်က Alliance ငွေစုငွေချေးရုံး ဖောက်ထွင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ငွေစုငွေချေးရုံးကို ညစောင့်ရှိနေချိန် ဧည့်စာရင်းစစ်ဆေးမယ်ဆိုပြီး အမျိုးသား (၂)ဦးက ခြံဝန်းထဲကနေတဆင့် ရုံးပြူတင်းပေါက် သံပန်းတံခါးကို သံချောင်းနဲ့ ကန့်လန့်ကာ ရုံးထဲက ငွေကျပ်သိန်း(၁၀၀၀)ကျော်နဲ့ မီးခံသတ္တာ(၁)လုံးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ငွေစုငွေချေးရုံးကို ဖောက်ထွင်းလုယက်ခဲ့သူတွေဟာ ရုံးညစောင့်အပါအဝင် ကြီးကြပ်ရေးမှူးနဲ့ ချေးငွေတာဝန်ခံတို့ဖြစ်ကာ မီးခံသတ္တာကို ခိုးယူဖို့နဲ့ အောင်မြင်ပါက ကျပ်သိန်း(၁၅၀)ပေးမယ်လို့ ညစောင့်ဖြစ်သူကို စည်းရုံးခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးမိသူတွေဟာ ရုံးညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အပါအဝင် ကြီးကြပ်ရေးမှူး အောင်ကိုကို၊ ချေးငွေတာဝန်ခံ ငြိမ်စချမ်းဖြိုး(ခ)အိုက်ပီးနဲ့ မီးခံသေတ္တာကို သော့တုနဲ့ ဖွင့်ပေးသူ ဆန်းဒေး(ခ)ကာဒရ်ဘိုင်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
သူတို့ဟာ ကျူးလွန်တဲ့ပြစ်မှုကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် ထင်ယောင်ထင်မှားဖြစ်ပြီး ယုံကြည်မှုကျဆင်းစေဖို့နဲ့ ပြည်သူတွေ အထိန်တလန့်ဖြစ်စေဖို့ လီဆယ်ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ငွေစုငွေချေးရုံး ဖောက်ထွင်းခဲ့သူတွေကို ပြင်ဦးလွင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ (၄၅၇/၁၁၅)တို့နဲ့ အမှုဖွင့်ထားပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။