ဇန်နဝါရီလ (၁၁)ရက်။
အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မိတ္ထီလာခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်က လျှပ်စစ်ဓါတ်အား ဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဖျက်ဆီးခံရတာတွေအပါအဝင် အချို့စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်နိုင်တာနဲ့ ဓါတ်ငွေ့လိုအပ်ချက် မပြည့်မီတာတွေကြောင့် အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လို့ရတဲ့ ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေပြီး လုပ်ငန်းရှင်တွေအနေနဲ့လဲ တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါသေးတယ်။
စစ်ကောင်စီအနေနဲ့ နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ကို စီစဉ်နေသလို လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုအပ်ချက်တွေအလိုက် ဆိုလာစီမံကိန်းတွေကို ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။
နောက်ပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကြောင့် ဧရာဝတီမြစ်ထဲ အနိမ့်တမံတွေ တည်ဆောက်ကာ လျှပ်စစ်ထုတ်ယူဖို့ စစ်ကောင်စီက စီစဉ်နေတာကိုလဲ ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီလက်ထက် နိုင်ငံတဝန်း လျှပ်စစ်မီးရရှိတဲ့အခြေအနေ ဆိုးရွားနေကာ ရန်ကုန်မြို့မှာ တစ်ရက်ကို (၄)နာရီ (၂)ကြိမ် ခွဲပေးနေရပြီး စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးနေရတယ်လို့ သိရပါတယ်။