ဇန်နဝါရီလ (၁၇)ရက်။
မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ စကစတပ်သားတွေနဲ့ ပျူစောထီး အင်အား (၅၀)လောက်က ပျဉ်ထောင်ပျူရွာ အရှေ့ဘက် ရွှေကူတဲစုရွာထဲ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီပျဉ်ထောင်ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူတဲစုကျေးရွာက ပြည်သူတစ်ဦးရဲ့ ရှင်ပြုအလှူပွဲကို ဖျက်ဆီးပြီး ရိက္ခာယူဖို့ လာရောက်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ အလှူပွဲကို ဖျက်ဆီးခဲ့တဲ့အပြင် အလှူအိမ်အနီးရှိ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် (၈)လုံးအပါအဝင် မကြာခင်က ရိတ်သိမ်းထားတဲ့ စပါးတင်း ရာနဲ့ချီ ပျက်စီးခဲ့ရပါတယ်။
“ စကစနဲ့ ပျဉ်ထောင်ပျူစောထီးတွေက ရှင်ပြုပွဲကနေ ရိက္ခာတွေ ယူရုံတင်မဟုတ်ဘဲ အနီးအိမ်တွေကိုပါ မီးရှို့သွားတာ၊ သူတို့မီးရှို့တာကြောင့် မကြာခင်ကမှ ရိတ်သိမ်းထားတဲ့ စပါးတင်း ရာနဲ့ချီလဲ ပျက်စီးခဲ့ရတယ်။ အခုတော့ စကစနဲ့ ပျူစောထီးတွေ ပျဉ်ထောင်ရွာထဲ ပြန်ဝင်သွားပြီ။ ဒေသခံတွေလဲ ရွာထဲ ပြန်ဝင်ဖို့ ကြိုးစားနေတယ်” လို့ ဆက်ပြောပါတယ်။
ကျေးရွာထဲ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ အဲ့ဒီနေ့ နံနက် (၇)နာရီခန့်မှာ ပျဉ်ထောင်ရွာထဲ ပြန်ဝင်သွားခဲ့တာကြောင့် ဒေသခံတွေလဲ ရွှေကူတဲစုရွာထဲ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။