ဇန်နဝါရီလ (၁၈)ရက်။
ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အဆင့်နဲ့အညီ လွှတ်တော်အစည်းအဝေး လုပ်ဆောင်နိုင်စွမ်းရှိရမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာမှာ တည်ငြိမ်အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖို့အတွက် ဖိဖိစီးစီးနဲ့ ဆောင်ရွက်ကြဖို့ကိုလဲ အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူတာမှာ လူဦးရေ ကျဆင်းနေပြီး (၅၁)သန်းကျော်ခန့်သာရှိကာ မွေးဖွားနှုန်းကျဆင်းတာ၊ ပြည်ပထွက်ခွာတာနဲ့ သေဆုံးတာတွေကြောင့်လို့ ပြောဆိုထားပါတယ်။
ဒီလို လူဦးရေကျဆင်းတာကြောင့် ပြည်တွင်းလုပ်သားတွေ ရှားပါးလာသလို ရွေးကောက်ပွဲကျင်းပတာမှာလဲ အတိုင်းအတာတခုအနေနဲ့ သက်ရောက်တာတွေ ရှိလာနိုင်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်သွားဖို့ ကြိုးစားနေပေမယ့် သန်းခေါင်စာရင်းကောက်ယူတာမှာ မအောင်မြင်တာကြောင့် ရွေးကောက်ပွဲမဲစာရင်း မှန်ကန်မှုရှိမှာမဟုတ်ဘူးလို့လဲ ပြောဆိုထားကြပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပွားနေပြီး အားလုံးပါဝင်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။