ဇန်နဝါရီလ (၁၉)ရက်။
မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု ညောင်ကုန်းရွာကို ဗုံးသီးချခဲ့တာမှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချခဲ့တာကြောင့် အရပ်သား (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး ကျန် အသက် (၇၇)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ထိတ်လန့်ပြီး ထပ်မံသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီကနေ့ နံနက် (၅)နာရီခန့်က စစ်ကောင်စီရဲ့ မိတ္ထီလာဘက်က တက်လာတဲ့ စက်တပ်လေထီး (၂)စီးဟာ ဝါးကြီးအိုင်ပျူစောထီးရွာအနီးကို ဗုံးသီးကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာမှာ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဆိတ် (၁)ကောင်နဲ့ နွား (၁)ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုလို စက်တပ်လေထီး အသုံးပြုပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။