ဇန်နဝါရီလ (၂၂)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ဒီကနေ့ နောင်ချိုမြို့ ရဲစခန်းအနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်ပြီး ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာ။ လူထိခိုက်သေဆုံးတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နောင်ချိုမြို့ရှိ ရဲစခန်းအနီးဝန်းကျင်ကို ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက်သေဆုံးတာ ရှိခဲ့တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါ။
နောင်ချိုမြို့ ရဲစခန်းအနီး ဗုံးကြဲခံရတာကြောင့် လဖက်ရည်ဆိုင်တစ်ဆိုင် ထိမှန်ခဲ့ပြီး ပြည်သူ (၈)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
မနေ့ကလဲ နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို TNLA နဲ့ PDF တွေရှိတာကြောင့်ဆိုပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဒေသခံတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” ထဲ TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။