ဇန်နဝါရီလ (၂၃)ရက်။
တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကစက တနင်္သာရီ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတာကြောင့် သိန်ခွန်းကျေးရွာအနီးမှာ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ” လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ သိန်ခွန်းရွာအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးရှိ ခရီးသွားပြည်သူတွေရဲ့ကားတွေကို စစ်ကောင်စီက အသုံးပြုပြီး အကာအကွယ်ယူကာ စစ်ရေးအရ အကျိုးအမြတ်ရအောင် လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာ မရှိစေဖို့ လုံခြုံရေးကို ရှေးရှု့ပြီး ခရီးမသွားကြဖို့ကိုလဲ တားမြစ်ထားပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ သူတို့စစ်ကြောင်းထိုးတဲ့ နေရာတိုင်းမှာ အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာနဲ့ အရပ်သားတွေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားသလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မြိတ်ခရိုင်ထဲရှိ မြိတ်မြို့နဲ့ တနင်္သာရီမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ လွန်စွာတင်းမာနေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။