ဇန်နဝါရီလ (၂၃)ရက်။
ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောထိမြို့နယ်ရှိ ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ရေကြည်ချောင်းရွာဘုန်းကြီးကျောင်းကနေ စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာနဲ့ ဒရုန်းတိုက်ခိုက်တာတို့ကြောင့် မှော်ဖျားရွာနဲ့ ကွင်းဒလကြီးရွာရှိ တောရကျောင်းနဲ့ သစ်ကျောင်းကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပထမတကြိမ် ဒရုန်းနဲ့ တိုက်ခိုက်တာမှာ မှော်ဖျားကျေးရွာရှိ နေအိမ်တစ်အိမ်ရှေ့ ကျရောက်ခဲ့ပြီး အသက် (၃၅)နှစ်အရွယ် ကိုမင်းထက် လက်မောင်း ကျည်စထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒုတိယအကြိမ် တိုက်ခိုက်တာမှာ ကွင်းဒလကြီးကျေးရွာရှိ တောရကျောင်းနဲ့ သစ်ကျောင်းပေါ် ကျရောက်ခဲ့ကာ အသက်(၅၀)နှစ်ရှိ ဦးဇင်း ပန်နဝ ပျံလွန်ခဲ့ပြီး (၄၉)နှစ်အရွယ် ဦးဇင်းတေဇ ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နံနက်(၁၀)နာရီအချိန်ကလဲ ပိန်းဇလုပ်တပ်(၂၆၄)ကနေ လက်နက်ကြီးပစ်ခတ်ရာ ပျဉ်ရေအနောက်ဘက် ကမ်းကျေးရွာကို ကျရောက်ခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တာတို့ကြောင့် ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့နေရတယ်လို့ ပြောဆိုထားပါတယ်။
ဇန်နဝါရီလ (၁၇)ရက်နဲ့ (၁၈)ရက်တို့က လယ်ဒိုမြို့နဲ့ မူးမြို့တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ အရပ်သား (၃)ဦးကို ဖမ်းဆီးခဲ့ကာ အခုအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။