ဇန်နဝါရီလ (၂၃)ရက်။
ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး ဖာပွန်ဗျူဟာကုန်းကနေလဲ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာ” လို့ ဆိုပါတယ်။
ကတိုင်တိတပ်စခန်း မကျစေဖို့ ဒီကနေ့ နံနက်ပိုင်းအချိန်က တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်ကို ဆက်တိုက်ဗုံးကြဲခဲ့သလို ဖာပွန်ဗျူဟာကုန်းကနေလဲ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဲ့ဒီကတိုင်တိတပ်စခန်းအနီး စစ်ရေးအခြေအနေ ပြင်းထန်လာကထဲက စစ်ကောင်စီက စခန်းကို စစ်ကူအင်အားတွေ ပို့ဆောင်ထားကာ အနီးဝန်းကျင်ရှိ ဒေသခံတွေအနေနဲ့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ကတိုင်တိတပ်စခန်းဟာ အရင်က BGF(၁၀၁၃)တပ်ရင်းရဲ့ စခန်းဟောင်းဖြစ်ပြီး KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် အင်အားပြန်စုစည်းကာ စစ်ကောင်စီဘက်က ခုခံနေတာလို့ သိရပါတယ်။
အဲ့ဒီတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခံ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အခုအခါ စခန်းတဝက်နီးပါးကို ရရှိနေပြီဖြစ်ကာ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
ကတိုင်တိတပ်စခန်းဟာ BGF စခန်းနေရာဆိုပေမယ့် BGF တွေ မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)ခန့်နဲ့ ခုခံနေကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။