ဇန်နဝါရီလ (၂၄)ရက်။
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေအပါအဝင် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲထဲ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖို့သင့်တယ်လို့ ယူဆရတဲ့ ပြဋ္ဌာန်းချက်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး ရွေးကောက်ပွဲကျင်းပဖို့ အကြံပြုချက်တွေအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့တာလို့ ထွန်းထွန်းနောင်က ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြည်သူအကြား ပျံ့နှံ့ရောက်ရှိစေဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်နိုင်ဖို့အပြင် NCA အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ဖို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေတွေနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ကို စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးခဲ့ကာ တွေ့ဆုံပွဲကို (၂)ရက်ကြာ ပြုလုပ်သွားဖို့ရှိနေတာပါ။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့ အသည်းအသန် ကြိုးစားနေကာ မဲစာရင်းအတွက် သန်းခေါင်စာရင်းကောက်ယူတာတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာမရှိသေးပါဘူး။
စစ်ကောင်စီရွေးကောက်ပွဲဟာ တရားမဝင်သလို အတုအယောင်သာဖြစ်ပြီး နိုင်ငံရေးထွက်ပေါက်အနေနဲ့ ကျင်းပဖို့ စီစဉ်နေကာ နိုင်ငံရေးဂုဏ်သိက္ခာအရ အားပေးထောက်ခံတာမပြုဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။