ဇန်နဝါရီလ (၂၄)ရက်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုပြီး စစ်ကောင်စီဟာ ဇန်နဝါရီလ (၂၃)ရက်နေ့ရက်စွဲနဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ နည်းဥပဒေကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်နဲ့ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီနည်းဥပဒေထဲ စစ်မှုထမ်းဖို့ အသက်နဲ့ ကာလ တွက်ချက်တာ၊ စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့ ဖွဲ့စည်းတာ၊ စာရင်းပြုစုမှတ်ပုံတင်တာ၊ ဆေးစစ်တာနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ပြုတာအပြင် စစ်မှုထမ်းကာလ လျှော့ပေါ့ပေးတာနဲ့ ရွှေ့ဆိုင်းတာတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အမိန့်စာ ဆင့်ခေါ်တာနဲ့ စစ်ဆေးရေးဘုတ်အဖွဲ့တွေ ဖွဲ့စည်းတာအပြင် စစ်မှုထမ်းတွေရဲ့ ခံစားခွင့်၊ စစ်စည်းရုံးတာနဲ့ အထွေထွေတို့ ပါရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ကာ သင်တန်းဖွင့်လှစ် အကောင်အထည်ဖော်နေပေမယ့် နည်းဥပဒေကိုတော့ (၁)နှစ်နီးပါးကြာမှသာ ထုတ်ပြန်လာတာပါ။
စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်တာမှာလဲ အခန်းတွေ နည်းဥပဒေအပိုဒ်တွေ ပါဝင်တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိဘူးလို့ သိရပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အား အရေးပေါ်လိုအပ်ချက်ကြောင့် ဥပဒေပြဋ္ဌာန်းပြီး နည်းဥပဒေမထွက်ခင် (၁)နှစ်အတွင်းမှာ စစ်မှုထမ်းသင်တန်းသားတွေစုဆောင်းပြီး သင်တန်းဖွင့်လှစ်နေတာ အမှတ်စဉ်(၉)အထိ ရှိနေပါပြီ။
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသား စုဆောင်းရာမှာ မိမိသဘောဆန္ဒအရ ပါဝင်လိုသူတွေကိုသာ ခေါ်ယူဖို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ အတင်းအဓမ္မ စုဆောင်းတာ၊ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ငွေကြေးတောင်းယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။