ဇန်နဝါရီလ (၂၄)ရက်။
ဒီကနေ့ နေ့လယ် (၂)နာရီ (၂၃)မိနစ်က KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကို စစ်ကောင်စီက တခါသုံးဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ်ဘက်ကို စကစက တခါသုံးဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ။ ဟိုတယ်အဆောက်အအုံက ပစ္စည်းအချို့နဲ့ဆိုလာပြားတွေ ထိမှန်တာရှိပေမယ့် လူထိခိုက်တာတော့ မရှိဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ လိုင်ဇာမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြစ်ကြီးနားဟိုတယ်အနီးကို တခါသုံးဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဟိုတယ်အဆောက်အအုံအချို့ ထိခိုက်ခဲ့ပြီး လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
မနေ့က ညနေ (၄)နာရီခန့်မှာ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီရဲ့ လေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်က ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ရေးသားထားကြပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။