ဇန်နဝါရီလ (၂၇)ရက်။
စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး (၆၀)ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အကျဉ်းချခံထားနေရတဲ့ သတင်းသမား (၄၃)ဦးဟာ ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ သတင်းသမား (၁၁)ဦးပါဝင်ပြီး သူတို့ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်တစ်သက်နဲ့ အနိမ့်ဆုံးပြစ်ဒဏ် (၁၀)နှစ်ကျခံထားရသူတွေလို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေကြောင့် သေဆုံးခဲ့ရတဲ့ သတင်းသမားတွေဟာ စုစုပေါင်း (၇)ဦးရှိပြီး သူတို့တွေဟာ သတင်းသတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေချိန်ထဲ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဖမ်းဆီးတရားစွဲဆိုခံရတဲ့ သတင်းသမားတွေဟာ နိုင်ငံအကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု၊ လဝကဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးနဲ့ အကုမ်းဖက်ပုဒ်မတွေနဲ့ အရေးယူခဲ့တာလို့ ပြောဆိုထားပါတယ်။
(၄)နှစ်တာထဲ စစ်ကောင်စီရဲ့ မီဒီယာဖိနှိက်တာတွေဟာ လွန်စွာပြင်းထန်ပြီး သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေကာ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရတဲ့ ထိပ်တန်းနိုင်ငံတွေစာရင်းမှာ ပါဝင်နေတဲ့အထိ အန္တရာယ်ကျရောက်နေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် သတင်းသမားတွေ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့အတွက် အဖွဲ့တွေက အလေးထားလုပ်ဆောင်ပေးဖို့နဲ့ သတင်းသမားတွေ ဖမ်းဆီးထောင်ချတာနဲ့ နှိပ်စက်သတ်ဖြတ်တာကို ဆန့်ကျင်ရှုတ်ချပြီး ဆန့်ကျင်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။