နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်က ငြိမ်းချမ်းရေးအတွက် ဖိအားပေးနေချိန်တွင် ယူကရိန်း၌ ရုရှား၏ အသေအပျောက်နှုန်း ယခင်ကထက် ပိုမိုမြင့်တက်လာ

BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

လွန်ခဲ့သည့် ၁၀ လတာကာလအတွင်း ယူကရိန်းစစ်ပွဲ၌ ရုရှားတို့၏ အကျအဆုံးနှုန်းသည် ၂၀၂၂ ခုနှစ် ကျူးကျော်စစ်စတင်ကတည်းက ကြုံတွေ့ခဲ့ရသမျှထက် ပိုမိုမြန်ဆန်လာကြောင်း BBC ၏ ခွဲခြမ်းစိတ်ဖြာချက်အရ သိရသည်။

၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ ဖိအားပေးမှုအောက်၌ ငြိမ်းချမ်း ရေး ကြိုးပမ်းမှုများ အရှိန်အဟုန်မြင့်လာချိန်တွင် ရုရှားအရင်းအမြစ်များ၌ ဖော်ပြ သည့် စစ်သားများ၏ နာရေးကြော်ငြာအရေအတွက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သည်။

စုစုပေါင်းအနေဖြင့် ယူကရိန်းတွင် ရုရှားဘက်မှ တိုက်ခိုက်ရင်း သေဆုံးခဲ့သူပေါင်း ၁၆၀,၀၀၀ နီးပါး၏ အမည်စာရင်းကို BBC က အတည်ပြုနိုင်ခဲ့သည်။

BBC News (ရုရှားဌာန) သည် လွတ်လပ်သောသတင်းဌာနတစ်ခုဖြစ်သည့် Mediazona နှင့် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရုရှား၏ စစ်ပွဲအရှုံးအမြတ်များကို ရေတွက်နေခြင်းဖြစ်သည်။ တရားဝင်ထုတ်ပြန်ချက်များ၊ သတင်းစာ များ၊ လူမှုကွန်ရက်များနှင့် အောက်မေ့ဖွယ်နေရာသစ်များ၊ သင်္ချိုင်းများကို အခြေခံ၍ အတည်ပြု နိုင်သော သေဆုံးသူများ၏ အမည်စာရင်းကို ပြုစုထားခြင်းဖြစ်သည်။

အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် များစွာပိုနိုင်သည်ဟု ယူဆရပြီး၊ အောက်မေ့ဖွယ်နေရာများနှင့် နာရေးကြော်ငြာများအပေါ် အခြေခံသည့် BBC ၏ ခွဲခြမ်း စိတ်ဖြာမှုသည် စုစုပေါင်းအရေအတွက်၏ ၄၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းခန့်သာ ရှိနိုင်ကြောင်း စစ်ဘက်ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ၎င်းခန့်မှန်းချက်အရ ရုရှားစစ်သားများ သေဆုံးမှု မှာ ၂၄၃,၀၀၀ နှင့် ၃၅၂,၀၀၀ ကြားတွင် ရှိနေနိုင်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် တိုက်ပွဲပြင်းထန်မှု

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နာရေးကြော်ငြာအရေအတွက်မှာ ယခင်လများထက် အနည်းငယ်လျော့နည်းခဲ့သော်လည်း၊ ဖေဖော်ဝါရီလတွင် ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့ စစ်ပွဲရပ်စဲရေးအတွက် ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးခဲ့ပြီးနောက် အရေအတွက် ပြန်လည်မြင့်တက်လာခဲ့သည်။

ဩဂုတ်လတွင် သမ္မတနှစ်ဦး အလက်စကာပြည်နယ်၌ တွေ့ဆုံခြင်းသည် ပူတင်အတွက် သံတမန်ရေးရာ အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ အပယ်ခံဘဝမှ လွတ်မြောက်ခဲ့သည့် လက္ခဏာအဖြစ် ရှုမြင်ကြသည်။

သို့သော် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်သွားပြီးနောက် နိုဝင်ဘာလတွင် အမေရိကန်က အချက် ၂၈ ချက်ပါဝင်သော ငြိမ်းချမ်းရေးအဆိုပြုချက်ကို တင်သွင်းခဲ့သည့်ကာလ၌ တစ်ရက်လျှင် ပျမ်းမျှ နာရေးကြော်ငြာ ၃၂၂ ခုအထိ ရှိလာခဲ့သည်။ ၎င်းမှာ ၂၀၂၄ ခုနှစ် ပျမ်းမျှနှုန်းထက် နှစ်ဆပိုများသည်။

ရုရှား၏ အကျအဆုံးများလာခြင်းကို အကြောင်းရင်းတစ်ခုတည်းဖြင့် ပြောရန်ခက်ခဲ သော်လည်း၊ ကရင်မလင်နန်းတော်က နယ်မြေသိမ်းပိုက်နိုင်မှုကို အမေရိကန်နှင့် ဆွေးနွေး ရာတွင် အသာစီးရမည့် နည်းလမ်းအဖြစ် ရှုမြင်နေပုံရသည်။ ပူတင်၏ လက်ထောက် ယူရီ အူရှာကော့ဗ် က “ မကြာသေးမီက အောင်မြင်မှုများ” သည် အပြုသဘောဆောင်သော သက်ရောက်မှုရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

မူရတ် မူကာရှော့ဗ် (Murat Mukashev) ၏ ဇာတ်လမ်း

အမြန်ငြိမ်းချမ်းရေးရမည်ဟု မျှော်လင့်ကာ လောင်းကြေးထပ်ခဲ့ပြီး အသက်ဆုံးရှုံး ခဲ့ရသူများ ထဲတွင် မူရတ် မူကာရှော့ဗ် လည်း ပါဝင်သည်။ မူကာရှော့ဗ်သည် ပူတင်၏မူဝါဒများကို မည်သည့်အခါကမျှ မထောက်ခံခဲ့သော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။

သူသည် ယခင်က ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ LGBT အခွင့်အရေးနှင့် ၂၀၂၄ ခုနှစ်တွင် ထောင်ထဲ၌ သေဆုံးသွားသော အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗာညီ လွတ်မြောက်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။

၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းကျူးကျော်စစ်ကို လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် အစောပိုင်းတွင် မူးယစ်ဆေးဝါး အကြီးအကျယ်ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံခဲ့ ရသည်။ ၎င်း၏ မိသားစုနှင့် သူငယ်ချင်းများကမူ ၎င်းမှာ စစ်ထဲဝင်ရန် ဖိအားပေးသည့် ပရိယာယ်တစ်ခုသာဖြစ်ကြောင်း ပြောဆိုကြသည်။ ရုရှားဥပဒေအရ စစ်ထဲဝင်ပါက ရာဇဝတ်မှုမှ လွတ်ငြိမ်းခွင့်ရနိုင်သည့် အခွင့်အရေးရှိသည်။

မူကာရှော့ဗ်သည် ကနဦးတွင် ငြင်းဆန်ခဲ့သော်လည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီးနောက် ၂၀၂၄ နိုဝင်ဘာလတွင် စိတ်ပြောင်းခဲ့သည်။ ထရန့်၏ စစ်ပွဲအမြန်ရပ်စဲမည့် ကတိစကားများကို ယုံကြည်ကာ ငြိမ်းချမ်းရေးမရခင် စစ်ထဲဝင်ပြီး ထောင်မှလွတ်မြောက်ရန် သူက ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် မူကာရှော့ဗ်သည် ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသ၌ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အဖြစ် တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့သည်။

စေတနာ့ဝန်ထမ်း” အသစ်များနှင့် အကျအဆုံး

၂၀၂၅ ခုနှစ်တွင် ရှေ့တန်း၌ သေဆုံးခဲ့သည့် ရုရှားအများစုမှာ စစ်ပွဲစတင်ချိန်က စစ်တပ်နှင့် ပတ်သက်မှုမရှိသူများ ဖြစ်သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ အဗ်ဒီဗ်ကာ (Avdiivka) တိုက်ပွဲနောက်ပိုင်းတွင် စာချုပ်ချုပ်၍ ဝင်ရောက်လာသော “ စေတနာ့ဝန်ထမ်း” များ၏ အသေအပျောက်နှုန်း သိသိသာသာ မြင့်တက်လာသည်။

ယခုအခါ ရုရှား၏ စစ်သားအသစ်စုဆောင်းမှုတွင် အဆိုပါ စေတနာ့ဝန်ထမ်းများမှာ အဓိကဖြစ်လာပြီး၊ လွန်ခဲ့သောတစ်နှစ်က အသေအပျောက်၏ ၁၅ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် ၃ ဦးလျှင် ၁ ဦးနှုန်းအထိ ရှိလာခဲ့သည်။

ရုရှားအစိုးရသည် နိုင်ငံရေးအရ အန္တရာယ်ရှိသော “ အလုံးအရင်းဖြင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း” ကို ရှောင်လွှဲရန်အတွက် စစ်ထဲဝင်ပါက ငွေကြေးအမြောက်အမြား ပေးမည်ဟု ကြော်ငြာကာ လူသစ်စုဆောင်းနေသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ လူပေါင်း ၃၃၆,၀၀၀ ကျော် စစ်ထဲဝင်ခဲ့ပြီး တစ်လလျှင် ၃၀,၀၀၀ ကျော် ရှိသည်။

နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေး (Mark Rutte) ကမူ ရုရှား စစ်သား ၂၅,၀၀၀ ခန့်သည် လစဉ် သေဆုံးနေကြောင်း ပြောကြားထားသည်။ အကယ်၍ နှစ်ဖက်စလုံး၏ ကိန်းဂဏန်းများ မှန်ကန်ပါက ရုရှားသည် သေဆုံးသူထက် လူသစ်စုဆောင်းနိုင်မှုက ပိုများနေဆဲဖြစ်သည်။

နေတိုး၏ ခန့်မှန်းချက်အရ စစ်ပွဲအတွင်း ရုရှားဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူ စုစုပေါင်းမှာ ၁.၁ သန်းရှိပြီး သေဆုံးသူမှာ ၂၅၀,၀၀၀ ခန့်ရှိနိုင်ကြောင်း သိရသည်။

ယူကရိန်းဘက်တွင်လည်း အကျအဆုံးများပြားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သမ္မတ ဇလန်းစကီးက သေဆုံးသူ ၄၆,၀၀၀ နှင့် ဒဏ်ရာရသူ ၃၈၀,၀၀၀ ရှိကြောင်း ပြောကြား ခဲ့သော်လည်း၊ အခြားအချက်အလက်များအရ ယူကရိန်းဘက်မှ သေဆုံးသူအရေအတွက်မှာ ယခုအခါ ၁၄၀,၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 33 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 36 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)