ဇန်နဝါရီလ (၃၁)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး နေပြည်တော်မှာ စစ်ကောင်စီက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးကို ခေါ်ယူကျင်းပနေတယ်လို့ သိရပါတယ်။
အဲ့ဒီကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး ပြုလုပ်နေကာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လဲ ပါဝင်တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေက ဆိုပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ယာယီသမ္မတအနေနဲ့ သူ့ကိုယ်သူ တာဝန်ပေးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ အခြေအနေတွေကို အစီရင်ခံတင်ပြပြီး အရေးပေါ်ကာလ ထပ်တိုးဖို့ရှိနေပါတယ်။
နိုင်ငံတဝန်း နေရာဒေသအများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တဲ့အတွက် အရေးပေါ်ကာလကို ထပ်တိုးနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
စစ်ခေါင်းဆောင်ဟာ မဲစာရင်းအတွက် သန်းခေါင်စာရင်းကောက်ယူတာတွေ ပြုလုပ်ပြီး အခုနှစ်ထဲ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောဆိုထားပေမယ့် အချိန်အတိအကျကိုတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိပါဘူး။
အခုအခါ စစ်ကောင်စီအနေနဲ့ စိုးမိုးအုပ်ချုပ်ထားတဲ့ မြို့နယ် (၁၀၇)မြို့နယ်သာရှိပြီး ကျန်တဲ့မြို့နယ်တွေဟာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတာဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတနိုင်မှာမဟုတ်သလို ရွေးကောက်ပွဲကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လဲ ပြောဆိုနေကြတယ်လို့ သိရပါတယ်။