ဇန်နဝါရီလ (၃၁)ရက်။
ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက် (၁)နာရီအချိန်က မြိုင်မြို့နယ်အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇန်နဝါရီ(၃၀)ရက် မနက်အစောပိုင်း (၁)နာရီလောက်မှာ မြိုင်မြို့အနောက်ပိုင်းမှာရှိတဲ့ အောင်ဆန်းတက္ကသိုလ်ကို စကစက ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။ နောက်ပြီး ညနေ(၅)နာရီခွဲမှာလဲ မကွေးနဲ့ တံတားဦးလေတပ်ကနေ စုစုပေါင်း ဂျက်ဖိုက်တာ (၃)စီးနဲ့ ထပ်မံပြုလုပ်ခဲ့တာ” လို့ ဆိုပါတယ်။
မြိုင်မြို့အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်ကောင်စီက တစ်ရက်ထဲ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ စုစုပေါင်း (၅)ကြိမ် တိုက်ခိုက်ခဲ့ရာ CDM ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
NUG ရဲ့ အောင်ဆန်းတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို မအဲ့ဒီနေ့ နံနက် (၉)နာရီအချိန်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖွင့်ပွဲကို ရပ်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်ခံရပြီး ဒီကနေ့ နံနက်ပိုင်း (၁၀)နာရီဝန်းကျင်အချိန်ကလဲ စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေနဲ့ တက္ကသိုလ်ဘက်ကို ဆက်တိုက်ပျံဝဲခဲ့ပါသေးတယ်။
နောက်ပြီး မနေ့က နံနက်ပိုင်း (၅)နာရီခွဲအချိန်ကလဲ မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)ထဲရှိ စစ်ကောင်စီတပ်ဟာ မြို့အရှေ့တောင်ပိုင်းရှိ မင်းကန်ရွာအနောက်ဘက် တောထဲကို စစ်ကြောင်းထိုးသွားခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့ အနောက်ဘုန်းကံရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့အရှေ့တောင်ပိုင်းရှိ ညောင်တွင်း(အရှေ့)ရွာအနီး ရောက်ရှိနေပြီး စစ်ကြောင်း(၂)ခု ပူးပေါင်းနိုင်တယ်လို့ အသိပေးထားတယ်လို့ သိရပါတယ်။