နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

NUGရဲ့ ဖြုတ်ထုတ်သတ်လမ်းစဥ်နဲ့ တော်လှန်ရေးအောင်မလား?

ခေတ်မျက်လုံး အထူးဆောင်းပါး

တော်လှန်ရေးအောင်မြင်ဖို့မှာ စစ်အုပ်စုကို တိုက်နေတဲ့အဖွဲ့အစည်းတွေ ကြီးငယ်မ‌ရွေး ညီညွတ်ဖို့လိုသလို ငါတို့ဟာ အင်အားကြီးမားပြီး အလွန်ကောက်ကျစ်တဲ့ ဘုံရန်သူကို တိုက်နေရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ကြဖို့လို့တယ်၊ ဒီလို အင်အားကြီးတဲ့ရန်သူကို တိုက်တဲ့နေရာမှာ အဓိကကျတဲ့အချက်က ညီညွတ်ရေးပဲ ဖြစ်တယ်။

ညီညွတ်ရေးကို မတည်ဆောက်ဘဲ ငါတကောကောပြီး အင်အားကြီးသူက အင်အားငယ်သူကို နိုင့်ထက်စီးနင်းလုပ်မယ် ဘုံရန်သူကို မတိုက်ဘဲ မိမိနဲ့အဖွဲ့အစည်းမတူတဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေကိုပဲ တိုက်ခိုက် ဖမ်းဆီး နှိပ်ကွပ် နေမယ်ဆိုရင် တော်လှန်ရေး ကျရှုံးမယ့်လမ်းကို သွားနေတာ ဖြစ်တယ်။

ဘုံရန်သူစစ်အုပ်စုဟာ မြန်မာနိုင်ငံ စတင်လွတ်လပ်ရေးရပြီးကတည်းက တည်ရှိလာတဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး သူတို့မှာ ခိုင်မာတဲ့ ဖွဲ့စည်းတည်ထောင်ထားမှု၊ ထက်အောက် အမိန့်နာခံမှုတွေ ရှိပြီးသား ဖြစ်တယ်။ ဒါ့အပြင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေလည်း ပိုင်ဆိုင်ထားသေးတယ်၊ အင်အားကြီး တရုတ်နဲ့ ရုရှားတို့ရဲ့ ထောက်ခံမှုလည်း အပြည့်အဝ ရရှိထားတယ်။ အိမ်နီးချင်း ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ရှိနေတယ်။

ကိုယ်ဖက်ကို ပြန်ကြည့်ရင် ပြည်သူထောက်ခံမှုပဲ ရှိတယ်။ ပြည်သူမှာက လက်နက်မရှိဘူး စိတ်ဓါတ်ပဲ ရှိတယ်။ တော်လှန်ရေး ရှည်ကြာလာတော့ ပြည်သူတွေလည်း လက်ပန်းကျနေပြီ၊ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုတွေ တဖြည်းဖြည်း ကျဆင်း လာနေ တာကို သတိပြုမိဖို့ လိုတယ်။ အထူးသဖြင့် NUG ဟာ အစိုးရ အမည်ခံထားပေမဲ့ လူထုထောက်ခံမှုတွေ အချိန်နဲ့အမျှ ကျဆင်းလာနေတာ တွေ့ရတယ်၊ ဘာကြောင့်လဲ? အဖြေက ရှင်းပါတယ်။

၁။ စစ်အနိုင်မတိုက်နိုင်ဘူး

၂။ အခြားမြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကို မစည်းရုံးနိုင်ဘူး။ ညီညွတ်ရေး မတည်ဆောက်နိုင်ဘူး။

၃။ မိမိတပ်တွေကိုတောင် အမိန့်စီးဆင်းမှုကို ခိုင်မာအောင်မတည်ဆောက်နိုင်ဘူး။

၄။ စစ်ရေးစွမ်းရည်၊ စည်းရုံးစွမ်းရည်မရှိတဲ့ NLD အမတ်တွေ NLDပါတီဝင်တွေကိုသာ ခန့်ထားတဲ့အတွက် ပြည်သူ့ထောက်ခံမှုတွေ ကျဆင်းလာတယ်။

၅။ ပြည်သူတွေကို စည်းရုံးနိုင်တဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကို ဘာကြောင့် သူတို့ကို ပြည်သူတွေက ထောက်ခံနေသလဲ သူတို့က ဘာတွေလုပ်ပေးနေလို့လဲဆိုတာမျိုးကို စူးစမ်းလေ့လာမှုမလုပ်၊ အတုယူမှုမလုပ် တော်လှန်ရေးအမြင်နဲ့ မကြည့်ဘဲ ဘုံရန်သူကိုတိုက်နေသူတွေကို မဟာမိတ်လို့ သဘောမထားဘဲ ပြိုင်ဖက်ရန်သူများအဖြစ်သဘောထားတွေကို အထက် အဖွဲ့အစည်းတွေကပြုပြင်ပညာပေးမှုမရှိတဲ့အပြင်အားပေးအားမြှောက်ပြုနေတယ်။

ကိုယ်ကအသုံးမကျလို့ မစည်းရုံးတတ်လို့ ပြည်သူက မထောက်ခံတာကို အဖွဲ့အစည်းအားနဲ့ ကိုယ့်ထက်ထောက်ခံမှု ရနေတဲ့အဖွဲ့အစည်းတွေကို မောင်းထုတ်ဖို့ ကြိုးစားတာဟာ ပြည်သူထောက်ခံမှုကို ဆုံးရှုံးတာပါဘဲ ၊ ပြည်သူထောက်ခံမှု မရရင် တော်လှန်ရေးက ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။ သာဓကအနေနဲ့ ပြောရင်ရင် ၈၈ အရေးအခင်းနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ABSDF လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဘာကြောင့်မအောင်မြင်ရသလဲဆိုတာကို နမူနာယူလို့ရတယ်။ အဲ့ဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲလမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အခါ လက်နက်ကိုင် တော်လှန်ရေးကို ပြည်သူတွေ မထောက်ခံကြတော့ဘူး။ အခုပြည်သူကလက်နက်ကိုင်တော်လှန်ရေးကိုထောက်ခံတဲ့အခါ NUGက တော်လှန်ရေးအင်အားစုတွေကို မစည်းရုံးဘဲ တော်လှန်ရေးကိုမောင်ပိုင်စီးဖို့လုပ်တယ်၊ ‌တော်လှန်ရေးအဖွဲ့အစည်းတွေဖက်ကို သေနတ်ပြောင်းလှည့်တယ်။

တခြားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအများဆုံး ဖြစ်နေတဲ့အဖွဲ့ဟာ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေနဲ့ PDF တွေသာ ဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ထောက်ပြရရင် မန္တလေး PDF စစ်ရေးခေါင်းဆောင် ကိုမုန်တိုင်းကို အကြမ်းဖက် ဖမ်းဆီး ဖြုတ်ချခဲ့မှုဟာ အချင်းချင်း အကြမ်းဖက်တာ ဖြစ်တယ်။ နောက်ပြီးဖမ်းဆီးထားမှုမှာ ပွင့်လင်းမြင်သာမှုမရှိသလို သူ့ရဲ့မိသားစု နဲ့လည်း တွေ့ခွင့်မပေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြောင်ပြောင်းတင်းတင်း ချိုးဖေါက်နေတာလည်း ဖြစ်တယ်။ PDFအချင်းချင်းတောင်အကြမ်းဖက်နေရင် လက်အောက်ခံမဟုတ်တဲ့အဖွဲ့တွေဆိုရင် ဘယ်လိုဆက်ဆံမယ် ဆိုတာ ပြောဖို့တောင်မလိုပါဘူး။

လတ်တလောဖြစ်ပွားခဲ့တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF နဲ့ မင်းကင်းမြို့နယ်ပအဖတို့ ပွတ်တိုက်မှု ကိုလေ့လာ ကြည့်ရင်- နှစ်ဖက် ထုတ်ပြန်ချက်တွေကို ဂရုတစိုက် လေ့လာသုံးသပ်နိုင်မှ ဘာတွေမှားနေတယ် ဘယ်သူတွေက လိမ်ညာ နေတယ် ဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်။

မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေငြာချက် အမှတ် (၃/၂၀၂၆) မှာဘာတွေ ရေးထားသလဲဆိုရင်-

၁။ SRFကျောင်းသားတော်လှန်ရေး အဖွဲ့အစည်းဟာ လက်နက်ကိုင်တော်လှန်‌ရေး လုပ်ငန်းစဥ် တခုတည်းကိုသာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ လက်နက်ကိုင်တော်လှန်‌ရေးနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေး အစရှိတဲ့ ယန္တရားတွေကို ဝင်ရောက် စွက်ဖက်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

ဒီပထမစွပ်စွဲချက်ကို သုံးသပ်ဝေဖန်ရမယ်ဆိုရင် SRFကျောင်းသားတော်လှန်ရေး တပ်ဦးရဲ့ လုပ်ရပ်မမှားဘူးလို့ ပြောရမှာ ဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ဖို့ စစ်တိုက်နေယုံနဲ့ မရဘူး။ စစ်တိုက်နိုင်ဖို့ ဒေသခံ ပြည်သူထောက်ခံမှု ရဖို့လို ပါတယ်။ ဒေသခံပြည်သူ ထောက်ခံမှုရဖို့ဆိုရင် ပြည်သူတွေကို အလုပ်အကျွေးပြုရမှာ ဖြစ်ပါ တယ်။ ပြည်သူတွေအတွက် စာပေသင်ကြားပေးတာ၊ ဆေးခန်းတွေ ဖွင့်လှစ်ကုသပေးတာတို့ကို တော်လှန်ရေး အဖွဲ့အစည်း တိုင်း လုပ်ရမှာဖြစ်ပြီး ပြည်သူတွေကို စည်းရုံးတဲ့ အလုပ်တာဝန်တခုလဲ ဖြစ်တယ်။ မဖြစ်မနေ လုပ်ရမယ့် အလုပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် SRFကျောင်းသားတော်လှန်ရေးတပ်ဦးဟာ မဖြစ်မနေလုပ်ရမဲ့ သူတို့တာဝန်ကို သူတို့ထမ်းဆောင် နေတာ ဖြစ်ပါတယ်၊ ဒီအတွက် သူတို့ကိုပြည်သူတွေက ဝန်းရံကြပါတယ် ချစ်ကြ အားကိုးကြတဲ့အတွက် သူတို့ဖက်ကနေ ရပ်တည်နေကြတာကို မေ့ထားလို့မရပါဘူး။ ။

ကိုယ်ကပြည်သူကိုရအောင် စည်းရုံးသိမ်းသွင်းရမယ့်အစား ကိုယ့်နယ်မှာလာပြီးဖဲ့ထုတ်စည်းရုံးနေတယ်။ စစ်သား စုဆောင်း နေတယ်လို့ အပြစ်တင် ရအောင် ပထမကိုယ့်ဟာကိုယ် ပြန်မေးဖို့လိုတယ် ငါတို့ကို ဘာကြောင့်ပြည်သူက မထောက်ခံ တာလဲ? ငါတို့ ဘာတွေ မှားနေလဲဆိုတာကို ပြန်ဆန်းစစ်ဖို့လိုတယ်။ သူတို့က ပြည်သူတွေကို ဘာတွေ လုပ်ပေးနေလို့ ပြည်သူတွေက ထောက်ခံ နေကြတာလဲ။ ပြည်သူတွေကို ငါတို့ ဘယ်လို အကျိုးပြုရမလဲ? ဆေးခန်းတွေ ဆောက်ပေးမယ်၊ ကျောင်းတွေဖွင့်ပေးမယ်၊ လမ်းတံတားတွေ ခင်းပေးမယ်၊ ပြည်သူတွေ လယ်ယာစိုက်ပျိုးရေး လုပ်နိုင်အောင် ကူညီပေးမယ်၊ ပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးရမယ်လို့ တကယ့်စိတ်စေတနာနဲ့ အလုပ်အကျွေးပြုရင် ပြည်သူတွေက အလိုလို ထောက်ခံလာကြမှာပေါ့။

ဒီနေရာမှာ အလုပ်လုပ်တဲ့အခါမှာ နှလုံးသားထဲက စိတ်ရင်းစိတ်မှန်ပါဖို့ လိုပါတယ်။ အဲ့ဒီလို စေတနာစစ်စစ် ပါမှသာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ထောက်ခံမှု ရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲကို ယင်းမာပင် လူ ၂၁ ဦး သတ်မြောက်မှုမှာ ပါဝင်ခဲ့တဲ့ဘုန်းကြီး(နောက်ပိုင်းလူထွက်ပြီး ဗိုလ်သံမဏိဖြစ်လာသူ)ကသူဘုန်းကြီးဘဝက ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းလျှောက်ခဲ့တုန်းကနဲ့ ဗီယက်နမ်ဘုန်းကြီး အမေရိကန်မှာ ငြိမ်းချမ်းရေးလမ်းလျှောက်တုန်းက အခြေအနေ နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ဘယ်သူကအောင်မြင်ခဲ့တယ်ဆိုတာ သိမြင်နိုင်မှာ ဖြစ်ပါတယ် အဓိကစိတ်ထားမှန်ပြီး နာမည်ကြီးဖို့လုပ်တာမဟုတ်ဘဲ တကယ်ငြိမ်းချမ်းရေးကို ယုံကြည်မြတ်နိုးသူဖြစ်လို့ ဗီယက်နမ်ဘုန်းကြီးကို ဘာသာခြား အမေရိကန်ပြည်သူတွေကပါ ကန်တော့ကြ လေးစားကြ၊ လူသိန်းနဲ့ ချီးအားပေးခဲ့ကြတာမဟုတ်လား။ ငြိမ်းချမ်းရေး အရေခြုံထားတဲ့လူသတ်တာအားပေးသူ ဗိုလ်သံမဏိကို ဘယ်သူတွေကအသိအမှတ်ပြုခဲ့လဲ လုပ်ရပ်က မစစ်မှန်တဲ့အခါ လူထုထောက်ခံမှုမရခဲ့ဘူး။ ဗီယက်နမ်ဘုန်းကြီးက တကယ့်ဗုဒ္ဓအဆုံးအမကို ယုံကြည်သက်ဝင်တဲ့ ငြိမ်းချမ်းရေးသမား သန့်စင်တဲ့လုပ်ရပ်ကြောင့် လူထုထောက်ခံမှုရခဲ့တာ မျက်မြင်ဘဲ။

အရင်စစ်အုပ်စုလက်အောက်မှာ ငါအပါအဝင် ငါတို့ ပြည်သူတွေကို စစ်တပ်က ဘယ်လိုရက်စက်စွာပြုမူခဲ့သလဲ။ ဒါကို ငါတို့ မကြိုက်လို့ တော်လှန်ခဲ့တာ၊ စစ်တပ်လုပ်နေတာနဲ့ ဆန့်ကျင်ဘက်လုပ်ပေးရမှာ။ အခုတော့ ဂိတ်တွေဖွင့်ပြီး ဂိတ်ကြေးတွေ ကောက်မယ် သစ်တွေခိုးထုတ်မယ်၊ ငွေနောက်တကောက်ကောက်လိုက်ပြီး ဝေစားမျှစား စစ်တပ်လုပ်သလို လိုက်လုပ်နေရင် ပြည်သူက ထောက်ခံမလား။ ရွံရှာလာမလား စဥ်းစားကြည့်လေ လူပိန်းတောင် တွေးနိုင်သေးတယ်။

အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဆိုတာတွေမှာ ရပ်ရွာမှာ လိုအပ်ရင် ရွာခံပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက် အုပ်ချုပ်တာကို အားပေးတာဟာ ဒီမိုကရေစီနည်းကျ အလုပ်ဖြစ်လို့ အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်တယ်လို့ ပြောမရပါဘူး မင်းကင်းပအဖ အနေနဲ့ SRFကဘယ်လိုအုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးတွေမှာ ဝင်ရောက် စွက်ဖက် နေတယ်ဆိုတာ အချက်အလက်နဲ့ တင်ပြခဲ့တာကိုလည်း မတွေ့ရပါဘူး။မင်းကင်းပအဖအနေနဲ့ သူတို့ဘယ်လို အုပ်ချုပ် နေတယ် သူတို့ဟာအောက်ခြေ ပြည်သူတွေက ရွေးချယ်ခန့်ထား သူတွေလား ဒါမှမဟုတ် မိုးကျရွှေကိုယ်တွေလား ဆိုတာလည်း မသိရသေးပါဘူး။ သူတို့အနေနဲ့ ဘယ်လို ဥပဒေတွေ ပြုထားတယ် သူတို့ဥပဒေတွေကို ပြည်သူက လက်ခံသလား တရားမျှတမှု ရှိသလားဆိုတာလဲ ဘာမှမသိရပါဘူး။ အချက်အလက် မပြနိုင်ဘဲ စွပ်စွဲချက်တင်တာ တရားမဝင်ပါဘူး။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုပဲ စွပ်စွဲချက် မြောက်များစွာ တင်ခဲ့တာကို သတိရကြဖို့ လိုပါတယ်။

ဒုတိယစွပ်စွဲချက်ကတော့ မင်းကင်း မြို့နယ်အတွင်းတိုက်နယ်/ရပ်ကျေး (ပအဖ/ပကဖ) တွေ ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း၊ SRF မှ နယ်မြေ ၁/၂/၃ စတဲ့ နယ်မြေတွေ သတ်မှတ်ကာ အဲ့ဒီနယ်မြေတွေမှာ SRF ရဲ့ အုပ်ချုပ်ရေးကာကွယ်ရေးအဖွဲ့တွေကို ထပ်မံယှဥ်ပြိုင် ဖွဲ့စည်းခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

ဒီနေရာမှာ တော်လှန်ရေးအဖွဲ့အစည်းတခုအနေနဲ့ မိမိနေထိုင်ရာဒေသမှာ မိမိတပ်များအတွက် နယ်မြေများကို ၁/၂/၃/၄ စသည်ဖြင့် ဇုံသတ်မှတ်လုပ်ဆောင်ခြင်းဟာ တော်လှန်ရေး အောင်မြင်ရေးအတွက် စစ်ရေးအမြင်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် မှားတယ်လို့ စွပ်စွဲလို့ မရနိုင်ပါဘူး။ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ့်သင်္ကေတနှင့်ကိုယ် အဖွဲ့အစည်းတိုင်းမှာ မိမိအဖွဲ့အစည်းအတွင်းသုံးစွဲသတ်မှတ်ပိုင်ခွင့်ရှိတယ်လို့မြင်ပါတယ်။ ဥပမာ ABSDFမှာ နယ်မြေအလိုက် မွန်နယ်မြေဆိုရင် တပ်ရင်း ၁၀၁၊ ၁၀၂၊ ၁၀၃၊ ကရင်နယ်မြေဆိုရင် ၂၀၁၊ ၂၀၂၊ ၂၀၃ ကယားဆိုရင် ၃၀၁၊ ၃၀၂၊ ၃၀၃ စသဖြင့် သတ်မှတ်လုပ်ဆောင်ကြတယ်။ မွန်က NMSP နဲ့ ကရင်က KNU တို့က ဘာမှ ဝင်မစွက်ဖက်ခဲ့ဘူး။

တတိယ စွပ်စွဲချက်ကတော့ SRFက တချို့ပကဖ၊ ပအဖများကို ဖမ်းဆီးသတ်ဖြတ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာလည်း ဝင်ရောက်နှောက်ယှက်နေတယ်လို့ စွပ်စွဲထားပြန်ပါတယ်။ NUG ရဲ့ ပုံရိပ်ကျဆင်းအောင် ပြည်သူကို စည်းရုံးပြီးဆန္ဒပြမှုတွေကို မကြာခဏ လုပ်ဆောင်နေပြီး ဥပဒေမဲ့ စစ်သား စုဆောင်း နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေရာမှာ ဘယ်သူတွေကို ဘယ်သူ ကသတ်လိုက်တယ် ဆိုတာတွေကို ဖော်ပြမထားသလို အမှုပေါင်း (၈)မှုကို သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြထားတယ်ဆိုပေမဲ့ ဒီလိုအမှုကြီးတွေကို ပြည်သူကိုအသိပေးတင်ပြထားတာ မရှိပါဘူး ကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းတွေမှာ ဝင်ရောက် နှောက်ယှက်တယ်ဆိုတာ ကျောင်းတွေ ဆေးခန်းတွေ ဖွင့်ပေးတာ သူတို့မလုပ်နိုင် တာကို လုပ်နေလို့ သူတို့ကို နှောက်ယှက်တယ်လို့ ပြောချင်တာလားလို့ မေးရမှာဖြစ်တယ်၊ ဆေးခန်းတွေ ကျောင်းတွေ အပြိုင်ပေါ်လာတာ မကောင်းဘူးလား ငါတို့ပဲဖွင့်ရမယ် မင်းတို့က ဖွင့်ပိုင်ခွင့်မရှိဘူး ဆိုရင် မင်းအောင်လှိုင် စစ်အုပ်စုလုပ်သလိုဖြစ်သွားမှာပေါ့။

ပြည်သူတွေအတွက်ကျောင်းတွေဖွင့်စာသင်ပေးတာ ဆေးခန်းဖွင့် ဆေးကုပေးတာတွေက လူမှူဝန်ထမ်းအဖွဲ့တွေထက် တော်လှန်ရေးအဖွဲ့အစည်းတွေကပိုလုပ်ရမဲ့အလုပ်တွေမဟုတ်ဘူးလား။ ကျောင်းသားလူငယ်တွေဟာ ပညာတတ်တွေ ဖြစ်တဲ့အတွက် ဒီလိုအလုပ်မျိုးကို ဝင်လုပ် ပေးနေတာကို ကျေးဇူးတင်သင့်တယ်။ ဒါက ပအဖက သူတို့အလုပ်ကို ဝင်လုပ် နေတယ် ဝင်ရှုပ် နေတယ်ဆိုပြီး မကြေနပ်ပေမဲ့ ကျေးရွာလူထုက လက်ခံနေတာကို ဘယ်လိုမှ ဖုံးကွယ်ထားလို့မရဘူး။

အထူးသဖြင့် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဒီထုတ်ပြန်ချက်ထဲမှာ NUG ရဲ့ ပုံရိပ်ကျဆင်းအောင် ပြည်သူကိုစည်းရုံးပြီးဆန္ဒပြမှုများကို မကြာခဏ လုပ်ဆောင်နေတယ်လို့ရေးထား တာပါဘဲ။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြည်သူကိုမစည်းရုံးနိုင်လို့ ပြည်သူကို အလုပ်အကျွေးမပြုလို့ ပြည်သူတွေကမထောက်ခံဘူး သူတို့ကိုဆေးကုပေး၊ စာသင်ပေးနေတဲ့ SRF ကို ထောက်ခံတာအပြစ်တခုလား။ ဒီအချက်က SRF အဖွဲ့ကို လူထုထောက်ခံမှု ရှိနေကြောင်းကို မင်းကင်းပအဖရဲ့ထုတ်ပြန်ချက်က ဝန်ခံလိုက်တာပဲဖြစ်ပါတယ်။ ဒါကအရေးကြီးပါတယ် ဘာကြောင့်လဲ ဆိုတော့ မင်းကင်းမြို့နယ် ပအဖဆိုတာ အောက်ခြေ လူထုနဲ့ ကင်းကွာနေတဲ့အဖွဲ့အဖြစ် တွေ့မြင် နေရလို့ပါ၊ အောက်ခြေ ရပ်ကျေးမှာ သူတို့ထက် SRF က လူထုထောက်ခံမှုရှိနေတာကို ဖုံးကွယ်ထားလို့ မရပါဘူး။ ဥပဒေမဲ့ စစ်သားစုဆောင်း တယ်ဆိုရအောင်သူတို့က သေနတ်ထောက်ပြီးဝင်ခိုင်းနေလို့လားပြန်မေးရမှာပါ။ သူတို့စည်းရုံးရေးကောင်းလို့ လူငယ်တွေ သူတို့သဘောနဲ့ သူတို့ဝင်တာကို ဥပဒေမဲ့စည်းရုံးနေတယ်ဆိုတာရီစရာကောင်းတယ်။

စတုတ္တ အချက်စွပ်စွဲထားတာက SRF အဖွဲ့၏ ပြစ်မှုကျူးလွန်သူများကို ဥပဒေအတိုင်း ဖြေရှင်းရန် ဆင့်ခေါ်သော်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် မြို့နယ် တော်လှန်ရေး အဖွဲ့အစည်း များမှ စစ်ရေးဖော်ဆောင်နေမှုအား အခွင့်ကောင်းယူကာ မြို့နယ်ပအဖအဖွဲ့ဝင်များကိုပင် ဖမ်းဆီးမှုများဆက်လက်လုပ်လာခဲ့သည့် အတွက် မြို့နယ်ပအဖအဖွဲ့က ပြစ်မှုကျူးလွန်သူများကို ပြစ်မှတ်ထား ဖမ်းဆီးထိန်းသိမ်းခြင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီနေရာမှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းသည် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပအဖ) နဲ့ ကျောင်းသားတော်လှန်ရေး တပ်တော် တို့ကြားရှိ ပဋိပက္ခများကို တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန် မေလ ၂၆ ရက် နေ့လယ် ၂ နာရီခန့်တွင် မင်းကင်းမြို့နယ်ပကဖ စစ်ရေး တာဝန်ခံ၊ စစ်ကိုင်းယူနစ် ကာကွယ်ရေးဝန်ကြီးတို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် တိုင်းတာဝန်ခံ၊ ဒူဂျွန်၊ ဒူဝါများက လုံခြုံရေး အာမခံ၍ ခေါ်ယူခဲ့ခြင်းကြောင့် အညာလည်ရွာသို့ တွေ့ဆုံရန် သွားရောက်သည့်လမ်း၌ ပစ်ခတ် ဖမ်းဆီးခံရခြင်း ဖြစ်တယ်ဆိုတာကို မင်းကင်းမြို့နယ်ပအဖရဲ့ ထုတ်ပြန်ချက်ထဲမှာ မထည့်ထားပါဘူး။ ဘာကြောင့် မထည့် တာလဲ? မထည့်တာက သူတို့က မဖမ်းပါဘူးလို့ အာမခံထားပြီးလာတဲ့အခါ ပစ်ခတ်ပြီးဖမ်းတဲ့ မရိုးမသား လုပ်ထားတဲ့ အတွက် မထည့်တာထင်ရှားပါတယ်။

ဒီဖြစ်ရပ်ဟာ မင်းကင်းမြို့နယ်ပအဖ စစ်ရေး တာဝန်ခံ၊ စစ်ကိုင်းယူနစ် ကာကွယ်ရေး ဝန်ကြီးတို့ အပြင် KIA က စေလွှတ်ထားတဲ့ တိုင်းတာဝန်ခံ၊ ဒူဂျွန် ၊ဒူဝါများက လုံခြုံရေး အာမခံထားချက်ကို မင်းကင်းမြို့နယ် ပအဖက ကျူးလွန် ဖောက်ဖျက်လိုက်တာ ဖြစ်ပြီး ဒီလုပ်ရပ်ဟာ ဂတိသစ္စာကို ဖောက်ဖျက်တဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဂတိသစ္စာဖောက်ဖျက်ပြီး မတရားဖမ်းဆီးထားမှုအပေါ် မင်းကင်းမြို့နယ်ပကဖ စစ်ရေး တာဝန်ခံ၊ စစ်ကိုင်းယူနစ် ကာကွယ်ရေးဝန်ကြီးတို့အပြင် KIA မှ စေလွှတ်ထားတဲ့ တိုင်းတာဝန်ခံ၊ ဒူဂျွန်၊ ဒူဝါတွေက တာဝန်ယူ တာဝန်ခံပြီး မိမိတို့ ကတိပေးထားတဲ့အတိုင်း SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့အတူ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေကို ပြန်လွှတ် ပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့အတိုင်း မိမိတို့ဟာ ယုံကြည်ထိုက်သူ တည်ကြည်သူ များ ဖြစ်ကြောင်းသက်သေပြကြပါလို့ တောင်းဆိုလိုက်ပါတယ်။

SRF ဥက္ကဋ္ဌ ပစ်ခတ်ဖမ်းဆီးခံရတဲ့အပေါ် တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ကလည်း ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့ နှစ်ဖက်အဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ မိတ်ဖက် ပဋိပက္ခတွေကို တော်လှန်ရေး အဖွဲ့ချင်း အပြန်အလှန်လေးစားပြီး တွေ့ဆုံညှိနှိုင်း ဖြေရှင်းရမယ့် အစား အခုလို အင်အားသုံး ဖြေရှင်းတာကို ဆန့်ကျင်ရှုတ်ချ တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ဖြစ်ပွားနေတဲ့ ပြဿနာတွေ ပြေလည်စေဖို့အတွက် သွားရောက်ဝန်းရံတောင်းဆိုတဲ့ လက်နက်မဲ့ပြည်သူတွေကို ထိခိုက်ဒါဏ်ရာရစေတဲ့ လုပ်ရပ်နဲ့အတူ ပြည်သူရဲ့ ကြားဝင် ထိန်းကျောင်း တာကို လက်မခံတဲ့ လုပ်ဟန်တွေကို ဆန့်ကျင်ရှုတ်ချတယ်လို့ PRF က ပြောဆိုထားပါတယ်။

ရန်သူ့အထွေထွေ ထိုးစစ်ပြင်းထန်နေချိန် တော်လှန်ရေးအင်အားစုတွေ အားလုံး စည်းလုံးညီညွတ်စွာ စုပေါင်းခုခံ တွန်းလှန်ဖို့ကသာ ဦးစားပေးရမယ့်လုပ်ငန်း ဖြစ်တယ်လို့လည်း ဆိုထားပြီး ဒီလို အချင်းချင်းကြား ပြဿနာတွေအတွက် အင်အားသုံး ဖြေရှင်းတာတွေဟာ ပြဿနာကို ပြေလည်စေမှာမဟုတ်ဘဲ ပိုမိုဆိုးရွားစေမယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် လုံခြုံရေး အာမခံထားတာကို ချိုးဖောက်ပြီး အင်အားသုံးဖမ်းဆီးထားတဲ့ SRF ဥက္ကဋ္ဌ ရဲဘော်စံတင်ထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အရင်းခံပြဿနာတွေကို တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ PRF က တောင်းဆိုထားပါတယ်။

ကျနော့်အနေနဲ့ PRF က ပြောဆိုတင်ပြချက်နဲ့ ကျနော့အမြင်နဲ့တထပ်တည်းကျနေတဲ့အတွက် PRFရဲ့ တောင်းဆိုချက်ကို ထည့်သွင်းဖော်ပြတာဖြစ်တယ်။ အခုလက်ရှိအခြေအနေက SRFအဖွဲ့ဝင်တွေကို အတင်းအကြပ်ဖိအားပေးပြီး ပကဖ အောက်ကို အတင်းသွတ်သွင်းလိုက်တဲ့ သတင်းကိုလည်း စိတ်မကောင်းစွာ ဖတ်လိုက်ရပါတယ်။ ခေါင်းဆောင်ကိုဖမ်းပြီး အဖွဲ့ကိုဖျက် ပကဖထဲ အတင်းဝင်ခိုင်းတာ လူတိုင်းသိတဲ့မတရားလုပ်ရပ်တခုပါ၊ မင်းကင်းပအဖရဲ့ လက်တွေဥပဒေမဲ့ ချိမ်းခြောက်ပြီး စစ်သားစုဆောင်းတာဖြစ်တယ်လို့မြင်ပါတယ်။ သေနတ်တေ့ပြီးဝင်ခိုင်းတာမျိုးပါ။

အဖွဲ့အစည်းတခုဖြစ်လာဖို့မှာစည်းရုံးရေးကောင်းဖို့ နိုင်ငံ‌ရေးအမြင်ရှိဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးအဖွဲ့ငယ်လေးမြောက်များစွာထွက်ပေါ်လာခဲ့သလို အများစုက ပျောက်ကွယ်သွားခဲ့ကြပါတယ်၊ ဒီအထဲမှာ စိတ်တူသူများစုစည်းပြီး ခိုင်မာတဲ့အဖွဲ့ဖြစ်လာတာက အနည်းစုဖြစ်ပါတယ်၊ ဒီအနည်းစုတွေထဲမှာ BNRA, YDF, GZA, PRA, 96 Soldiers, SAF, SRF, BPLA, PLA, Phoenix Defense Force နဲ့ အခြားအဖွဲ့ အနည်းတွေ ထဲမှာ BNRA နဲ့ Phoenix Defense Force တို့ကို NUG ကအင်အားသုံးဖျက်စီးလိုက်ပြီး Phoenix Defense Force ခေါင်းဆောင်နဲ့ ရဲဘော်တွေဟာ ယောကာကွယ်ရေးတပ် YDF နဲ့ပူးပေါင်းသွားခဲ့ရပါတယ်။ အဲ့ဒီလိုပဲ UNRA က လွှတ်ထားတဲ့ ဗိုလ်ပျံလွှားအဖွဲ့ဆိုရင်လည်း လူထုထောက်ခံမှု ရလာတဲ့အခါ ဆွေးနွေးစရာရှိတယ်လို့ အစည်းအဝေးခေါ်ပြီး ပြည်သူတွေရှေ့မှာ ပသုံးလုံးအဖွဲ့က သတ်ပစ်ခဲ့လို့ CDM ကျောင်းဆရာအများစုပါတဲ့ သူ့ရဲ့အဖွဲ့လည်း ပျက်စီးသွားခဲ့ရတယ်။ ဗိုလ်နဂါးရဲ့ BNRA တပ်ပျက်သွားပြီး နောက်ကျန်ရစ်တဲ့ တပ်သားတွေကို NUGလက်အောက် PDF ထဲကို အတင်းအကြပ် သွတ်သွင်းခဲ့ပြီး မဝင်သူတွေကို အေးအေး သက်သာနေခွင့် မပေးဘဲ လိုက်လံဖမ်းဆီးနှိပ်စက်ညှင်းပန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း YDF အဖွဲ့ကို နည်းမျိုးစုံသုံးပြီး လိုက်လံဖျက်စီးနေတာကို တွေ့မြင်နေရပါတယ်။

တော်လှန်ရေးသက်တမ်း၅နှစ်အတွင်းမှာဇကာစစ်ကျန်ရစ်တဲ့အဖွဲ့ဆိုတာ ခေါင်းဆောင်တွေရဲ့ စည်းရုံးနိုင်စွမ်းကို ပြသခဲ့ တာဘဲဖြစ်တယ်။ သူတို့ကို ဒေသခံပြည်သူတွေကို စည်းရုံးသိမ်းသွင်း နိုင်တဲ့အတွက် ပြည်သူ့ထောက်ခံမှုနဲ့ ရပ်တည်နေနိုင်တဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေအဖြစ် တွေ့နိုင်ပါတယ်၊ သူတို့တတွေဟာ NUG လို NLD ပုံရိပ်နဲ့ဒေါ်အောင်ဆန်းစုကြည် အမည်ကိုသုံးပြီး သောက်သောက်လဲရရှိတဲ့အလှူငွေ ဒေါ်လာသန်းရာချီရနေတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပေမဲ့ ဒေသခံ ပြည်သူ ထောက်ခံမှုတွေနဲ့ ရပ်တည်နေနိုင်တဲ့အဖွဲ့တွေဖြစ်တယ်။

ဒီလိုစည်းရုံးရေးကောင်းပြီးဒေသခံပြည်သူထောက်ခံမှုရှိတဲ့အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေဟာ တော်လှန်‌ရေးမှာ အလွန်တန်ဖိုးရှိပါတယ်။ သူတို့ကို တိုက်ခိုက် ဖျက်စီးနေတာဟာ တော်လှန်ရေးကိုဖျက်စီးနေတာနဲ့အတူတူပဲ ဖြစ်တယ်။ သူတို့လို ပြည်သူ ထောက်ခံတဲ့ ခေါင်းဆောင်တွေကို မိမိလက်အောက် မဝင်လည်း မဟာမိတ်အဖြစ် စည်းရုံး မိတ်ဖွဲ့ထားနိုင် ရမှာ ဖြစ်တယ်။ သူတို့ကို ဘာကြောင့် ပြည်သူထောက်ခံနေလဲ ငါတို့ကို ဘာကြောင့်မထောက်ခံတာလဲ ငါတို့မှာ ဘာအားနည်းချက် တွေ ရှိနေလဲဆိုတာ မိမိကိုယ်ကိုနဲ့ မိမိအဖွဲ့ဝင်တွေကို ပြန်လည်စမ်းစစ်သင့်ပါတယ်၊ မိမိထက် စည်းရုံး‌ရေးကောင်းတာကို လေ့လာပြီး ကိုယ့်ရဲ့ အားနည်းချက်ကို အားသာချက် ဖြစ်လာအောင် လုပ်ယူရမှာ ဖြစ်ပေမဲ့ ကိုယ့်အားနည်းချက်ကို မဆန်းစစ် မလေ့လာဘဲ ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတဲ့အဖွဲ့ကို အင်အားသုံး တိုက်ခိုက်ခြေမှုန်း တယ်ဆိုတာ လုံးဝလက်ခံနိုင်စရာမရှိပါဘူး။

NUG အနေနဲ့ တော်လှန်‌ရေးအောင်မြင်ဖို့ စည်းရုံးနိုင်စွမ်းရှိတဲ့ ပြည်သူထောက်ခံမှုနဲ့ ရပ်တည် နေတဲ့ အဖွဲ့အစည်းတွေကို ဖြိုခွဲပြီးလက်အောက်ငယ်သားတွေကို အတင်းအကြပ် သိမ်းသွင်းနေမယ့်အစား မိမိခန့်အပ်ထားတဲ့ ပသုံးလုံးထဲက အရည်အချင်း မရှိသူ ပြည်သူထောက်ခံမှု မရသူတွေကို ငါတို့ကို ထောက်ခံအားပေးနေရင်ပြီးရော ငါတို့အောက်မှာ မရှိတဲ့အဖွဲ့တွေကို တိုက်ခိုက်ဖျက်သိမ်းလည်း ကောင်းတာပဲဆိုတဲ့ စိတ်ထားဟာ တော်လှန်ရေးကို ဆုတ်ယုတ် စေမှာ ဖြစ်တယ်။ ကိုယ်က ခန့်ထားပေမယ့် ပြည်သူက မထောက်ခံသူတွေကို သတ္တိရှိရှိ ဖြုတ်ချပြီး ပြည်သူတွေက နှစ်သက် လက်ခံသူတွေကို ခန့်ထားသင့်သလို၊ ပြည်သူထောက်ခံမှုရှိနေတဲ့ သီးခြားရပ်တည်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ညီရင်းအကို ရဲဘော်ရဲဘက် စိတ်ထားနဲ့လက်တွဲပြီး ဘုံရန်သူကို တိုက်ပွဲဝင်သင့်ကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

နိဂုံးအားဖြင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်လက်ျာကို NUG-MOD လက်အောက်ခံ PDF တွေကဖမ်းဖို့ကြိုးစားတာကို ဒေသခံ PDFတပ်ရင်းတွေက လက်မခံဘဲနောက်ပိုင်းမှာ မကွေးဖက်ဒရယ်ယူနစ် အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအောက်ကို ပြောင်းရွေ့သွားသလို မကွေးဒေသ ခံ ကာကွယ်ရေးအဖွဲ့ LPDFတွေကလည်း မကွေး ဖက်ဒရယ်ယူနစ် အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးအောက်မှာ ပါဝင်ရပ်တည်လိုက်တာကို ကြည့်ရင် မကွေးဖက်ဒရယ်ယူနစ် အစိုးရရဲ့ စည်းရုံးရေး အားကောင်းကြောင်းတွေ့ရပြီး NUGရဲ့ MOD ကို မယုံကြည်တဲ့အတွက် MOD လက်အောက်ကို မဝင်လိုတာကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပါတယ်။ ဒေသခံတော်လှန်‌ရေးအဖွဲ့တွေက NUGရဲ့ MODကို ဘာကြောင့် မယုံကြည်ကြသလဲဆိုတာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ပြန်လည်သုံးသပ်ကြည့်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

တော်လှန်ရေး အဓွန့်ရှည်ပါစေလို့ တော့မလုပ်ကြပါနဲ့။

ထွန်းအောင်ကျော် (၇၄မျိုးဆက်- ABSDF ဥက္ကဌဟောင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 510 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း
ဆောင်းပါးများ ဘာသာပြန်ဆောင်းပါး အတွေးအမြင်ကဏ္ဍ

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 813 Views
Grace ဘာသာပြန် ရေးသားသည်။ ဤအကြောင်းအရာများကို ဂျပန်လူငယ် YouTuber ကူရိုမာရု၏ ပြောထားချက်များကို Grace မှ ဘာသာပြန် ဖော်ပြထားခြင်း
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 1.97K Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
ဆောင်းပါးများ မြန်မာသတင်း

NRA ဖွဲ့စည်းပေါ်ပေါက်လာပုံအပေါ် ကျနော့်သဘောထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 24 ရက်
  • 444 Views
နွေဦးတော်လှန်ရေးစတင်ပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေ အများအပြား ရှိလာခဲ့ရာက NLD အမတ်တွေ စုဖွဲ့ထားတဲ့ NUG ပေါ်လာတယ်။ ပြည်သူတွေက တခဲနက် အားပေးခဲ့ကြတယ်။ NUG က PDF တွေ ပသုံးလုံးတွေ ဖွဲ့တယ်။ တိုက်ပွဲတွေ
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 1.28K Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.54K Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 1.38K Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 1.59K Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက