CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်
သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) က ရှေ့နေချုပ် ယာယီအဖြစ် အစားထိုး တာဝန်ယူသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဘွန်ဒီသည် “ပုဂ္ဂလိကကဏ္ဍရှိ အလွန်လိုအပ်ပြီး အရေးကြီးသော အလုပ်သစ်တစ်ခုသို့ ကူးပြောင်း တော့မည်” ဖြစ်ကြောင်း သမ္မတက Truth Social တွင် ရေးသားခဲ့ပြီး၊ သူမ၏ အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များကို ချီးကျူးခဲ့သော်လည်း ရာထူးမှ ထွက်ခွာရသည့် တိကျသော အကြောင်းပြချက် ကိုမူ ဖော်ပြခြင်းမရှိပေ။
“ပမ် ဘွန်ဒီဟာ အမေရိကန် မျိုးချစ်ကြီးတစ်ဦးဖြစ်သလို သစ္စာရှိတဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ကျွန်တော့်ရဲ့ ရှေ့နေချုပ်အဖြစ် သစ္စာရှိရှိ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ပမ်ဟာ ကျွန်တော်တို့နိုင်ငံတစ်ဝန်းက ရာဇဝတ်မှုတွေကို အကြီးအကျယ် နှိမ်နင်းရာမှာ ထူးချွန်စွာ ကြီးကြပ်ပေးခဲ့ပြီး လူသတ်မှုနှုန်းဟာ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ထိုးကျသွားခဲ့ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
သို့သော်လည်း ထရမ့်သည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) ဆိုင်ရာ ဖိုင်တွဲများကို ဘွန်ဒီ ကိုင်တွယ်ပုံနှင့် ၎င်း၏ နိုင်ငံရေးအတိုက်အခံများကို လုံလောက်စွာ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တရားစွဲဆိုခြင်း မရှိသည့်အချက်များအပါအဝင် ကိစ္စရပ်အတော်များများအပေါ် စိတ်ပျက်နေခဲ့ ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ သူမသည် မကြာသေးမီသီတင်းပတ်များအတွင်း ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယမြောက် ဝန်ကြီးအဆင့်ရှိသူ ဖြစ်လာသည်။ ပြီးခဲ့သည့်လကလည်းထရမ့်သည် ခရစ္စတီး နုမ်း (Kristi Noem) ကို ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးအရာရှိအဖြစ်မှ ဖယ်ရှားခဲ့သည်။ ထိုသို့ထုတ်ပယ်မှုမှာ အဆင်ပြေချောမွေ့ခဲ့သည်ဟု ထရမ့်က ခံစားရသဖြင့် အခြားသူများကို ဖယ်ရှားရန် ပိုမိုရဲတင်းလာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထရမ့်သည် ဘွန်ဒီကို ထုတ်ပယ်ရန် ဖြစ်နိုင်ခြေကို မဟာမိတ်များနှင့် ဆွေးနွေးခဲ့သလို ဗုဒ္ဓဟူးနေ့ကလည်း သူမနှင့် ကိုယ်တိုင်ကိုယ်ကျ စကားပြောဆိုခဲ့ကြောင်း သိရသည်။ ထိုစကားပြောဆိုမှုမှာ “တင်းမာမှုရှိသည်” ဟု သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပြီး၊ ထရမ့်က ဘွန်ဒီအနေဖြင့် ဤရာထူးတွင် ကြာရှည်ရှိတော့မည်မဟုတ်ဘဲ မကြာမီ အစားထိုးတော့မည် ဖြစ်ကြောင်း အရိပ်အယောင်ပြခဲ့သည်ဟု ဆိုသည်။
ဘွန်ဒီကလည်း သူမအနေဖြင့် လာမည့်လအတွင်း ရုံးလုပ်ငန်းများကို ဘလန့်ချ်ထံ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပြီးနောက် ပုဂ္ဂလိကကဏ္ဍသို့ ကူးပြောင်းမည်ဖြစ်ကြောင်း X တွင် ရေးသား ခဲ့သည်။
“အမေရိကကို ပိုမိုဘေးကင်းလုံခြုံအောင် လုပ်ဆောင်တဲ့ သမ္မတထရမ့်ရဲ့ သမိုင်းဝင်ပြီး အောင်မြင်လှတဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်ခွင့်ရတာဟာ တစ်သက်တာ ဂုဏ်ယူစရာဖြစ်သလို၊ အမေရိကန်သမိုင်းမှာ တရားရေးဝန်ကြီးဌာနရဲ့ သက်ရောက်မှုအရှိဆုံး ပထမဆုံးတစ်နှစ်တာလည်း ဖြစ်ပါတယ်” ဟု ရေးသားခဲ့ပြီး “အမေရိကကို တစ်ကျော့ပြန် ဘေးကင်းစေဖို့ (Make America Safe Again) ကျွန်မအပေါ် ယုံကြည်မှုပေးခဲ့တဲ့ သမ္မတထရမ့်ကို အစဉ်အမြဲ ကျေးဇူးတင်နေမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သတင်းရင်းမြစ်များ၏အဆိုအရ ဘွန်ဒီကို နောင်တွင် အခြားအလုပ်တစ်ခု ပေးမည်ဟု ပြောဆို ထားကြောင်း၊ ထရမ့်က သူမကို တရားရေးဝန်ကြီးဌာနမှ ထွက်ခွာပြီးနောက် တရားသူကြီးတစ်ဦး အဖြစ် ခန့်အပ်ရန် ဖြစ်နိုင်ခြေကို အရိပ်အမြွက် ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ထရမ့်က သူမကို အစိုးရလုပ်ငန်းများမှ လုံးဝထွက်ခွာမည်ဟု အခိုင်အမာ ပြောဆိုလိုက်ခြင်းကြောင့် ထိုအစီအစဉ်မှာ ပျက်ပြားသွားပုံရသည်။ ထို့ပြင် ထရမ့်က ပုဂ္ဂလိကကဏ္ဍဟု ရည်ညွှန်းပြောဆို ခဲ့သော်လည်း ဘွန်ဒီတွင် လက်ရှိအချိန်ထိ အခြားအလုပ်တစ်ခု အဆင်သင့် မရှိသေးကြောင်း သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောကြားခဲ့သည်။
CNN အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တရားရေးဝန်ကြီးဌာနသို့ ဆက်သွယ် ထားသည်။
ဘွန်ဒီသည် ထရမ့်အလိုရှိသော လက်စားချေမှုလှုပ်ရှားမှုများကို ဖော်ဆောင်ရာတွင် သိသာထင်ရှား သည့် အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကြိုးပမ်းမှုမရှိခဲ့ခြင်းကြောင့်တော့ မဟုတ်ပေ။ တရားရေးဝန်ကြီးဌာနသည် FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ် ကိုမေး (James Comey) နှင့် နယူးယောက် ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ် (Letitia James) တို့အပေါ် စွဲချက်တင်ရန် လုပ်ဆောင်နိုင်ခဲ့သော်လည်း တရားလိုရှေ့နေမှာ တရားမဝင် တာဝန်ထမ်းဆောင်နေသည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သဖြင့် ထိုစွဲချက်နှစ်ခုလုံး ပယ်ချခံခဲ့ရသည်။
မကြာသေးမီက ထရမ့်၏ အာရုံစိုက်မှုကို ခံခဲ့ရသည့် ကိစ္စတစ်ခုမှာ ၂၀၁၆ ရွေးကောက်ပွဲအတွင်း ရုရှား၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော ထောက်လှမ်းရေး အစီရင်ခံစာအပေါ် CIA ညွှန်ကြားရေးမှူးဟောင်း ဂျွန် ဘရင်နန် (John Brennan) က ကွန်ဂရက်သို့ မမှန်မကန် ထွက်ဆိုခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှု ဖြစ်သည်။ မိုင်ယာမီရှိ အတွေ့အကြုံရင့် တရားလိုရှေ့နေများက ထိုအမှုမှာ ခိုင်မာမှုမရှိကြောင်း တရားရေးဝန်ကြီးဌာန အရာရှိများကို ပြောကြားခဲ့သော်လည်း၊ ဝါရှင်တန်ဒီစီ ဖက်ဒရယ်တရားရုံးတွင် စွဲချက်တင်နိုင်ရန် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း CNN က ယခင်က ဖော်ပြခဲ့ဖူးသည်။
ဘွန်ဒီသည် အဆိုပါစုံစမ်းစစ်ဆေးမှုကို ကြီးကြပ်နေသည့် မိုင်ယာမီမှ ထိပ်တန်းရှေ့နေကို ဝါရှင်တန်သို့ ဗုဒ္ဓဟူးနေ့တွင် ခေါ်ယူခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှု တိုးတက်မှုအခြေအနေနှင့် စစ်ဆေးမှုမှာ တမင်နှောင့်နှေး အောင် လုပ်ဆောင်နေသည်ဟု သူမယူဆသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဤတွေ့ဆုံမှုသည် သမ္မတက ဦးစားပေးထားသည့် စုံစမ်းစစ်ဆေးမှုများကို သူမအနေဖြင့် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြသရန် ကြိုးပမ်းမှုဖြစ်သည်ဟု တရားရေးဝန်ကြီးဌာနအတွင်းရှိ အချို့က ယူဆကြသည်။
ဘလန့်ချ်က ဝန်ကြီးဌာနကို ယာယီဦးဆောင်နေစဉ်အတွင်း၊ ထရမ့်သည် ဘွန်ဒီ၏နေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA) အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို အစားထိုးရန် စဉ်းစားနေကြောင်းနှင့် အခြားသူများကိုလည်း စဉ်းစားနေကြောင်း သတင်းရင်းမြစ် များက CNN ကို ပြောကြားခဲ့သည်။
ထရမ့်၏ ပထမသက်တမ်းအပြီး ရင်ဆိုင်ခဲ့ရသည့် ရာဇဝတ်မှုအချို့တွင် ကာကွယ်ရေးရှေ့နေအဖြစ် တာဝန်ယူခဲ့သူ ဘလန့်ချ်က “ပမ် ဘွန်ဒီဟာ ဒီဝန်ကြီးဌာနကို ခိုင်မာတဲ့ယုံကြည်ချက်နဲ့ ဦးဆောင်ခဲ့သူ ဖြစ်ပြီး သူမရဲ့ ဦးဆောင်မှုနဲ့ မိတ်ဆွေဖြစ်မှုအတွက် ကျေးဇူးတင်ပါတယ်” ဟု X တွင် ရေးသားခဲ့သည်။
ဘွန်ဒီကို ဇယ်လ်ဒင်နှင့် အစားထိုးမည့် ဖြစ်နိုင်ခြေမှာ ဇန်နဝါရီလကတည်းက စတင်ထွက်ပေါ် ခဲ့ခြင်းဖြစ်ပြီး၊ အက်ပ်စတိုင်းအမှု သတင်းများ ငြိမ်သက်သွားချိန်တွင် ထိုသတင်းလည်း မှေးမှိန် သွားခဲ့သည်။ သို့သော် ထရမ့်သည် ဘွန်ဒီကို ဇယ်လ်ဒင်နှင့် အစားထိုးလိုသည်ဟူသော သတင်းများမှာ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြန်လည်ပျံ့နှံ့လာခဲ့သည်။
ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်းက ဘွန်ဒီသည် သူမကို ထုတ်ပယ်ရန် ထရမ့်က အလေးအနက် စဉ်းစားနေခြင်း ရှိ၊ မရှိနှင့် သူမ၏ ရာထူးမှာ အန္တရာယ်ရှိနေသလားဆိုသည်ကို လုပ်ဖော်ကိုင်ဖက်များ အား သီးသန့်မေးမြန်းခဲ့ကြောင်း သိရသည်။ ထရမ့် မည်သို့လုပ်ဆောင်မည်ကိုမူ မည်သူမျှ တိတိကျကျ မပြောနိုင်ခဲ့ကြပေ။
ဇယ်လ်ဒင်သည် ကြာသပတေးနေ့ မွန်းလွဲပိုင်းက EPA ဆွေးနွေးပွဲတစ်ခုတွင် စကားပြောကြားစဉ် ပရိသတ်ထဲမှ တစ်ဦးက “မစ္စတာ ရှေ့နေချုပ်” ဟု အော်ဟစ်ခဲ့သည်ကို လျစ်လျူရှုခဲ့သလို၊ ထရမ့်က သူ့ကို ထိုရာထူးအတွက် ရွေးချယ်ထားခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ ဥက္ကဋ္ဌ ချပ် ဂရက်စလေ (Chuck Grassley) က နောက်ထပ် ရှေ့နေချုပ်လောင်းကို အတည်ပြုရန် ကော်မတီက လျင်မြန်စွာ လုပ်ဆောင်မည်ဟု ယုံကြည်မှုရှိသော်လည်း၊ ပြီးခဲ့သည့် တစ်နှစ်အတွင်း ဝန်ကြီးဌာန၏ နိုင်ငံရေးဆန်မှုများကြောင့် မည်သည့်အမည်စာရင်းတင်သွင်းသူအတွက်မဆို ထိုလုပ်ငန်းစဉ်မှာ ခက်ခဲနိုင်ပါသည်။
အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန်များအနေဖြင့် အမည်စာရင်းတင်သွင်းသူကို အတည်ပြုရန် ရိုးရိုးအများစုမဲသာ လိုအပ်သော်လည်း၊ ဘွန်ဒီ၏နေရာတွင် အစားထိုးမည့်သူသည် ၎င်းတို့မှာ ထိုရာထူးနှင့် ထိုက်တန်ကြောင်း ရီပတ်ဘလီကန် အများအပြားကို ဆွဲဆောင်စည်းရုံး ရဦးမည် ဖြစ်သည်။ ထို့ပြင် အမည်စာရင်းတင်သွင်းခံရသူသည် ယခင်ရှေ့နေချုပ်များ ပြသခဲ့သကဲ့သို့ အိမ်ဖြူတော်၏ လွှမ်းမိုးမှုမှ ကင်းလွတ်ပြီး လွတ်လပ်စွာ ရပ်တည်လိုစိတ်ရှိကြောင်းကိုလည်း သက်သေပြရန် လိုအပ်နိုင်ပါသည်။
ဘွန်ဒီသည် မကြာသေးမီ သီတင်းပတ်များအတွင်း ထရမ့်နှင့်အတူ အချိန်ပိုမိုကုန်ဆုံးခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တရားရုံးချုပ်တွင် ပြုလုပ်သည့် မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အမှုအား ကြားနာပွဲသို့လည်း ထရမ့်နှင့် အတူ လိုက်ပါသွားခဲ့သည်။ ဤသည်မှာ ထရမ့်၏ ပထမအစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိ များက ၎င်းတို့အပေါ် သမ္မတက စိတ်ပျက်နေပြီဟု သိရှိရချိန်တွင် သမ္မတနှင့် ဝေးဝေးနေတတ်သည့် အပြုအမူနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ထရမ့်၏ လူယုံတော်အချို့သည် အက်ပ်စတိုင်းဖိုင်တွဲများကို ဘွန်ဒီ ကိုင်တွယ်ပုံအပေါ် ကြာမြင့်စွာ ကတည်းက မကျေမနပ် ဖြစ်ခဲ့ကြပြီး၊ သူမ၏ ပြောကြားချက်များသည် အစိုးရအနေဖြင့် အများ ပြည်သူ သိရှိသင့်သည့် အထောက်အထားများကို မလျော်မကန် ဖုံးကွယ်ထားသည်ဟူသော အထင်အမြင်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆကြသည်။
အထူးသဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက Fox News နှင့် အင်တာဗျူးတွင် သူမက အက်ပ်စတိုင်း၏ ဖောက်သည်စာရင်းမှာ “ကျွန်မရဲ့ စားပွဲပေါ်မှာ စစ်ဆေးဖို့အတွက် အသင့်ရှိနေပြီ” ဟု ပြောကြားခဲ့ပြီး နောက်၊ ဝန်ကြီးဌာနက ထိုသို့သော စာရင်းမျိုး မရှိကြောင်း နောက်ပိုင်းတွင် အခိုင်အမာ ပြောကြား ခဲ့သည့် အပေါ် အတော်များများက စိတ်ပျက်ခဲ့ကြသည်။ (ဘွန်ဒီကမူ သူမသည် ပျံသန်းမှုမှတ်တမ်းများ ကဲ့သို့သော အက်ပ်စတိုင်းစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းအားလုံးကို ရည်ညွှန်း ခြင်း ဖြစ်ပြီး သီးခြားဖောက်သည်စာရင်းကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း နောက်ပိုင်းတွင် ပြန်လည် ရှင်းလင်းခဲ့သည်။)
ဘွန်ဒီသည် ယခုလနှောင်းပိုင်းတွင် အက်ပ်စတိုင်းကိစ္စနှင့် ပတ်သက်၍ ထွက်ဆိုရန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ၏ ဆင့်ခေါ်မှုကို ရင်ဆိုင်နေရသည်။ မတ်လလယ်က သူမသည် ကော်မတီ ရှေ့မှောက်သို့ မိမိဆန္ဒအလျောက် လာရောက်ဖြေကြားခဲ့စဉ် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက မိနစ် ၃၀ အတွင်း အစည်းအဝေးမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ရီပတ်ဘလီကန်များမှာ ဆက်လက်ရှိနေပြီး မေးခွန်းများ မေးမြန်းခဲ့ကြရာ၊ ရီပတ်ဘလီကန် ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) က သူမအနေဖြင့် ကျမ်းကျိန်ထွက်ဆိုရန် ပြန်လာဖို့ မလိုတော့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
ကော်မတီပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဘွန်ဒီသည် ရှေ့နေချုပ်အဖြစ် တာဝန်မထမ်း ဆောင်တော့သောကြောင့် ကိုးမားအနေဖြင့် “ဆင့်ခေါ်စာရဲ့ အခြေအနေနဲ့ နောက်ထပ်လုပ်ဆောင်မယ့် အဆင့်တွေကို” ရီပတ်ဘလီကန် အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်း ကြာသပတေးနေ့ တွင် ပြောကြားခဲ့သည်။ ဘွန်ဒီကို ဆင့်ခေါ်ရန် ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သည့် ရီပတ်ဘလီကန် အမတ် နန်စီ မေ့စ် (Nancy Mace) ကမူ ကွန်ဂရက်၏ ဆင့်ခေါ်စာမှာ အတည်ဖြစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။








