BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်
ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေးအစား “ အီစတာ စစ်ရှိန်မြှင့် တင်မှု” (Easter escalation) ကို ရွေးချယ်ခဲ့သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။
ရုရှားက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒရုန်းနှင့် ဒုံးကျည် ရာပေါင်းများစွာ ပစ်ခတ် ခဲ့ခြင်း ကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး အခြား ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်က ပြုလုပ်ခဲ သော နေ့ခင်းဘက် အကြီးစားတိုက်ခိုက်မှုများသည် ယခုအခါ ပိုမိုများပြား လာခဲ့ သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏အဖွဲ့သည် အရှေ့အလယ်ပိုင်း ပဋိပက္ခဘက်သို့ အာရုံပြောင်းသွားချိန်မှစ၍ အမေရိကန်က ဦးဆောင်နေသည့် စစ်ပွဲရပ်စဲရေး ကြိုးပမ်းမှုများ မှာ ရပ်တန့်နေစဉ်အတွင်း ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များ၏ ရှေ့တိုးလာမှု နှေးကွေးသွားပုံရသောကြောင့် ရှေ့တန်း စစ်မျက်နှာ အရှေ့ဘက်ခြမ်း၏ အခြေအနေမှာ ၁၀ လအတွင်း ယူကရိန်းအတွက် “ အသာစီးရဆုံး” အခြေအနေဖြစ်သည်ဟူသော ဗြိတိသျှ ထောက်လှမ်းရေး၏ သုံးသပ်ချက်ကို ဇလန်းစကီးက သဘောတူညီခဲ့သည်။ သို့သော်လည်း ဝေဟင်မှ တိုက်ခိုက်မှုများမှာမူလျော့ပါး သွားခြင်း မရှိပေ။
ယူကရိန်းမြို့တော် ကိယက်ဗ် အနောက်ဘက်ရှိ ဇီတိုမြား (Zhytomyr) ဒေသတွင် လူနေအိမ် တန်းလျားတစ်ခုလုံး ပျက်စီးသွားခဲ့သဖြင့် ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများ အောက်တွင် ပိတ်မိနေသူများကို ရှာဖွေခဲ့ရသည်။ ကိယက်ဗ်ဒေသတွင်လည်း ဒရုန်းတစ်စင်း မှာ တိုက်ခန်းတွဲတစ်ခုဆီသို့ ဦးတည်ပျံသန်းလာပြီး အဆောက်အအုံ ဘေးဘက်ကို ဝင်တိုက် ကာ မီးလောင်မှုဖြစ်ပွားစေခဲ့သည့် ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်ခဲ့သည်။
ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ် (Kharkiv) မြို့တွင်မူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားသူများလည်း စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။ ထိုနေ့က တိုက်ခိုက်မှုမှာ မြို့ပေါ်သို့ ကျရောက်ခဲ့သည့် တိုက်ခိုက်မှုများထဲတွင် “ အကြီးမားဆုံးသော နေ့ရက်များထဲမှ တစ်နေ့” ဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။
ရုရှား၏ တုံ့ပြန်မှု
ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံလုံးရှိ အောသိုဒေါ့ခ် (Orthodox) ခရစ်ယာန်များသည် လာမည့် အပတ်တွင် အီစတာပွဲတော်ကို ဆင်နွှဲကြမည်ဖြစ်သည်။ ဇလန်းစကီးက ၎င်း၏ အားလပ်ရက် ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် ရုရှား၏ တုံ့ပြန်မှုမှာ ယခုကဲ့သို့ ဗုံးမိုးရွာချ ခြင်း ပင်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
“ ရုရှားတွေဟာ တိုက်ခိုက်မှုတွေကိုပဲ အရှိန်မြှင့်ခဲ့ပြီး ကောင်းကင်ယံမှာ ငြိမ်သက်နေရမယ့် အချိန်ကို အီစတာ စစ်ရှိန်မြှင့်တင်မှုအဖြစ် ပြောင်းလဲပစ်ခဲ့တယ်” ဟု ၎င်းက X လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း ယူကရိန်းသည်လည်း ရုရှားမြောက်ပိုင်း ကမ်းရိုးတန်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။ Ust-Luga ရှိ ဆိပ်ကမ်းတစ်ခုမှာ ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရသဖြင့် ရုရှား အနေဖြင့် ပို့ကုန်တင်ပို့မှုများကို ရပ်ဆိုင်းခဲ့ရသည်။
စနေနေ့တွင် ရုရှားတောင်ပိုင်း တွဂ်လီယက်တီ (Togliatti) ရှိ စစ်ဘက်သုံးပစ္စည်းများတွင် အသုံးပြုသည့် ရော်ဘာထုတ်ကုန်စက်ရုံတစ်ခုအား ညတွင်းချင်း တိုက်ခိုက်နိုင်ခဲ့ကြောင်း ကိယက်ဗ် ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် စိန်ခေါ်မှုများ
မော်စကိုဘက်က သဘောတူပါက အားလပ်ရက် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ ပျက်ပြယ်ခြင်းမရှိသေးကြောင်း ဇလန်းစကီးက ပြောကြားခဲ့ပြီး၊ ထိုသတင်းစကားကို ထရန့်၏ စေလွှတ်ချက်များဖြစ်သော စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့ထံသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးမည့် ရုရှားနှင့် လူချင်းတွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်များ မှာမူ ယခုအခါ နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။ မော်စကိုက ထိုဆွေးနွေးပွဲများကို “ ဆိုင်းငံ့ထားသည်” ဟု ဆိုသည်။
လက်ရှိ ကမ္ဘာ့အခြေအနေမှာ ရုရှားဘက်သို့ အသာစီးရနေသဖြင့် မော်စကိုအနေဖြင့် အမှန်တကယ် သဘောတူညီချက် လိုချင်ခြင်း ရှိ၊ မရှိ သံသယများ ရှိနေသည်။ ယူကရိန်းအတွက်မူ အီရန်နှင့် စစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် လောင်စာဆီ ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုမှာ စိုးရိမ်စရာ ဖြစ်နေသည်။ ရှေ့တန်းရှိ တင့်ကားများနှင့် ယာဉ်များ အတွက် ဒီဇယ်ဆီ အမြောက်အမြား လိုအပ်နေသောကြောင့်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ရုရှားအတွက်မူ စွမ်းအင်တင်ပို့မှုမှ ငွေပိုမိုရရှိနိုင်ပြီး လက်နက် ထုတ်လုပ်မှုနှင့် စစ်သည်များကို ငွေပေးချေရန်အတွက် အခွင့်အလမ်းကောင်း ဖြစ်နေသည်။
ထို့ပြင် အမေရိကန်၏ Patriot ကာကွယ်ရေးစနစ် အမြောက်အမြားမှာ အီရန်နှင့် စစ်ပွဲတွင် အသုံးပြုနေရသဖြင့် ယူကရိန်းအနေဖြင့် ရုရှား၏ ဒုံးကျည်များကို ပစ်ချရန် အမေရိကန် ကာကွယ်ရေးဒုံးကျည်များ ပြတ်လပ်သွားနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။
“ အရှေ့အလယ်ပိုင်းစစ်ပွဲ ကြာရှည်လေလေ၊ ကျွန်တော်တို့ဆီ လက်နက်တွေ ရောက်လာဖို့ အခွင့်အလမ်း နည်းလေလေ ဖြစ်လာမယ့် အန္တရာယ်ရှိနေပါတယ်” ဟု ဇလန်းစကီးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းက ရှေ့တန်းစစ်မျက်နှာ အခြေအနေမှာ “ တည်ငြိမ်သည်” ဟု ဆိုသော်လည်း လက်ရှိတွင် ယူကရိန်း၏ အဓိက အာရုံစိုက်မှုမှာ ထိုးစစ်ဆင်ရန်ထက် ခုခံစစ်စည်းကို ထိန်းထားနိုင်ရန်သာ ဖြစ်ပုံရသည်။

ခါကိဗ်မြို့တော်ဝန်က မြို့ပေါ်သို့ တိုက်ခိုက်မှုများ ကျရောက်ခဲ့သည့် ထိုနေ့ကို “ အကြီးမားဆုံးသော နေ့ရက်များထဲမှ တစ်နေ့” အဖြစ် ဖော်ပြခဲ့သည်။(ပုံ)

ဇိုင်တိုမီယာဒေသ(Zhytomyr region) ရှိ ကိုရိုစတန်(Korosten)မြို့တွင် အိမ်အတော်များများ ပျက်စီးသွားခဲ့သည်။(ပုံ)







