ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ?
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်
ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ
ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း ရှေ့သို့ပါတီ (Move Forward Party) ကိုပြောင်းလဲ ဆက်ခံသူ ပြည်သူ့ပါတီ(People’s Party) သည် လူထုကြားတွင် ရေပန်းအစားဆုံး ဖြစ်နေဆဲ ဖြစ်သည်။ စစ်တမ်းများအရ ၎င်းတို့သည် အမတ်နေရာ အများဆုံး ရရှိနိုင်ဖွယ် ရှိသော်လည်း အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့် အမတ်နေရာ (၂၅၁) နေရာ အပြတ်အသတ် (Landslide) ရနိုင်ရန်မှာမူ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ လက်တွေ့တွင် “ မဲပုံးအထက်ကရှိနေသောအရာ” (မဲနိုင်သော်လည်း မဲအနိုင်ရမှု အထက်တွင် ထိုင်နေသော အာဏာပိုင် အဖွဲ့အစည်းများရှိနေခြင်း) က အဓိက အဟန့်အတား ဖြစ်နေပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ရွေးကောက်ပွဲတုန်းက Move Forward Party ကနိုင်ခဲ့သော်လည်း အစိုးရမဖွဲ့နိုင်ခဲ့ခြင်းမှာ စစ်တပ်ခန့် အထက်လွှတ်တော် (Senate) ၏ ဟန့်တားမှုကြောင့် ဖြစ်ပါသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေ အနည်းငယ် ပြောင်းလဲ သွားနိုင်သည်။
အဓိက အထက်လွှတ်တော်ဆီးနိတ် အာဏာ လျော့ကျသွားခြင်းကြောင့်ဖြစ်သည်။ အထက်လွှတ်တော်မှ ဝန်ကြီးချုပ် ရွေးချယ်ခွင့် အာဏာမှာ ယခင်ကလို မရှိတော့သောကြောင့် ပြည်သူ့ပါတီအနေဖြင့် အောက်လွှတ်တော်တွင်သာ မဟာမိတ် ကောင်းကောင်း ရရှိလျှင် အခွင့်အလမ်း ပိုမိုရှိလာနိုင်သည်။
သို့သော် ရှေးရိုးစွဲဝါဒီများနှင့် အာဏာပိုင်များ၏ ဖိအားကြောင့် အခြား ပါတီများက ပြည်သူ့ပါတီနှင့် မဟာမိတ်ဖွဲ့ရန် တွန့်ဆုတ် နေကြသည်မှာ ကြီးမားသော အခက်အခဲ ဖြစ်ပါသည်။
ပီတာ (Pita) ၏ အခန်းကဏ္ဍကိုလေ့လာလျှင် ပီတာသည် နိုင်ငံရေး (၁၀) နှစ် အပိတ်ခံ ထားရသော်လည်း Campaign Manager (ရွေးကောက်ပွဲမန်နေဂျာ) အဖြစ်နှင့် လူထု ကြားတွင် လှုံ့ဆော်မှု အရှိန်အဟုန် မြှင့်တင်ပေးနေပါသည်။ ၎င်း၏ ဝန်ကြီးချုပ်ဖြစ်လုနီးအခြေအနေ (“ The Almost Prime Minister” ) ဆိုသည့် သူ့နိုင်ငံရေးဖြတ်သန်းမှုကို ရေးသားထားသည့် မှတ်တမ်းက လူငယ်များနှင့် ပြုပြင်ပြောင်းလဲရေး လိုလားသူများအတွက် ကြီးမားသော တွန်းအားဖြစ်စေပါသည်။
(“ The Almost Prime Minister” ဆိုသည်မှာ ထိုင်းနိုင်ငံရေးသမား ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ၂၀၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏ ကိုယ်ရေးမှတ်တမ်းစာအုပ် ဖြစ်ပါသည်။ ဤစာအုပ်တွင် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ သူ၏ အနိုင်ရရှိမှုနှင့် ဝန်ကြီးချုပ် ဖြစ်မလာစေရန် တားဆီးခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများအကြောင်းကို ရေးသားဖော်ပြထားပါသည်။)
ထိုင်းနှင့်မြန်မာ တူညီနေသော ပြဿနာမှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် “ ရွေးကောက်ပွဲ နိုင်သော်လည်း အာဏာ မရခြင်း” ဆိုသည့် စစ်အာဏာရှင်စနစ်၏အာဏာလက်မလွှတ်ရရန် တည်ဆောက်ကာကွယ်ထားသော ယန္တရားများကို ရုန်းကန်နေရသည်တို့မှာ တူညီနေပါသည်။
တိုက်ပွဲပုံသဏ္ဍာန်ခြင်းနှိုင်းယှဥ်ကြည့်လျှင် ထိုင်းနိုင်ငံသည် “ ဥပဒေတွင်း တိုက်ပွဲ” (Legal Battle) ကို အဓိက ဆင်နွှဲနေခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာမူ ဥပဒေမဲ့ အာဏာသိမ်းမှုကို “ လက်နက်ကိုင် တိုက်ပွဲ” ဖြင့် တုံ့ပြန်နေရခြင်းမှာ အထူးကွာခြားချက် ဖြစ်ပါသည်။
ပီတာပြောခဲ့သလို “ ပန်းပွင့်တွေကို ခူးလို့ရပေမယ့် နွေဦးရာသီ ကိုတော့ တားလို့မရဘူး” ဆိုသည့် စကားသည် ထိုင်းလူထု၏ ပြုပြင်ပြောင်းလဲလိုစိတ်မှာ မည်မျှ ခိုင်မာနေပြီလဲ ဆိုသည်ကို ပြသနေပါသည်။ ဤရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအတွက် “ စနစ်ဟောင်း” နှင့် “ စနစ်သစ်” အားပြိုင်သည့် အဆုံးအဖြတ်ပွဲကြီး ဖြစ်လာလိမ့်မှာဖြစ်သည်။
မြန်မာနိုင်ငံတွင် နွေဦးတော်လှန်ရေးအဖူးပွင့်လေးများ ကြေလွင့်မြေခနေသော်လည်း တော်လှန်ရေး အရှိန်အဟုန်သည် ရပ်တန့်မသွားဘဲ လူငယ်တော်လှန်ရေးသမားများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစည်း တိုက်ပွဲဝင် နေကြရင်း တရုတ်နှင့်ရုရှားထောက်ခံမှုရှိနေသည့် အင်စတီကျူးရှင်း ခိုင်မာသောစစ်အုပ်စုကို မလျော့သော ဇွဲသတ္တိဖြင့် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ပြည်သူ့ပါတီသာ အပြတ်အသတ် အနိုင်မရခဲ့လျှင် သို့မဟုတ် အခြား ပါတီများနှင့် ညှိနှိုင်းမရခဲ့လျှင် “ အနိုင်ရသော်လည်း အစိုးရမဖြစ်သည့်” သမိုင်းတကျော့ ပြန်လည်နိုင်ခြေ ရှိပါသည်။ သို့သော် ထိုင်းပြည်သူများ၏ ပါတီ၏အဝါရောင်လှုပ်ရှားမှု “ လိမ္မော်ရောင်လှိုင်း (Orange Wave)” သည် ယခင်ကထက် ပိုမို ရင့်ကျက် အားကောင်း လာသည်မှာ အမှန်ပင် ဖြစ်ပါသည်။
မြန်မာဒီမိုကရေစီတော်လှန်ရေးအင်အားစုများသည် တော်လှန်ရေးအတွင်း တော်လှန်ရေး အစုအဖွဲ့များအကြား ညီညွတ်ရေး ကို မတည်ဆောက်နိုင်လျှင် အချိန်ကြာလာသည်နှင့်အမျှ ပြိုကွဲသွားနိုင်ခြေရှိပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက ယခင်တော်လှန်ရေးအဖွဲ့များ နည်းတူ မိမိတို့အဖွဲ့အစည်းရပ်တည်ရေးကို ဦးစားပေး၍ MNDAA နှင့်၊ TNLA တို့ကဲ့သို့ စစ်အုပ်စုနှင့်အပစ်ရပ်ခဲ့ကြလျှင် စစ်အုပ်စုသည် နောင်နှစ်ဆယ်စုမက ပြန်လည်စိုးမိုးသွားနိုင်ပါသည်။
ဥပဒေတွင်းတိုက်ပွဲနှင့် ပီတာ၏ ဗျူဟာ
ပီတာ (Pita) သည် နိုင်ငံရေးပိတ်ပင်ခံထားရသော်လည်း “ Campaign Manager” အဖြစ် ပြန်လည်ထွက်ပေါ်လာခြင်းမှာ အာဏာပိုင်များအတွက် ခေါင်းခဲစရာ ဖြစ်နေပါသည်။ ဥပဒေ၏ ဟာကွက်ကို အသုံးချကာ လူထုနှင့် တိုက်ရိုက်ထိတွေ့ပြီး ၂၁.၄ သန်းသော မဲဆန္ဒရှင်များကို စည်းရုံးနိုင်ခဲ့ခြင်းမှာ သူ၏ “ ဗျတ္တိ” ကို ပြသရာရောက်ပါသည်။ “ ပန်းပွင့်တွေကို ခူးလို့ ရပေမယ့် နွေဦးရာသီကိုတော့ တားလို့မရဘူး” ဆိုသည့် စကားသည် ယခုရွေးကောက်ပွဲ၏ ကြွေးကြော်သံ ဖြစ်လာခဲ့သည်။
ဒီမိုကရေစီအင်အားစုများ အာဏာရနိုင်ခြေသည် ပြီးခဲ့သည့် ၂၀၂၃ ရွေးကောက်ပွဲနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ပြည်သူ့ပါတီ အတွက် အားသာချက်နှင့် စိန်ခေါ်မှု အသစ်များ ရှိနေသည်။
အထက်လွှတ်တော် (Senate) အာဏာမရှိတော့ခြင်းသည် ယခင်က နိုင်သော်လည်း အစိုးရ မဖွဲ့နိုင်ခဲ့ခြင်းမှာ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၅၀ ၏ ဟန့်တားမှုကြောင့် ဖြစ်ပါ သည်။ သို့သော် ယခု ၂၀၂၆ ရွေးကောက်ပွဲတွင်မူ ထိုအမတ် များမှာ ဝန်ကြီးချုပ် ရွေးချယ်ရာ၌ မဲပေးပိုင်ခွင့် မရှိတော့ပါ။ ၎င်းသည် ပြည်သူ့ပါတီအတွက် အကြီးမားဆုံးသော အခွင့်အရေး ဖြစ်သည်။
ပြည်သူ့ပါတီအနေနှင့် မဟာမိတ်ဖွဲ့နိုင်မှုသည်အရေးကြီးသည့်အနေသို့ရောက် ရှိလာသည်။ ပြည်သူ့ပါတီအနေဖြင့် အမတ်နေရာ အများဆုံး ရနိုင်သော်လည်း (၅၀၀) နေရာတွင် တစ်ပါတီတည်း (၂၅၁) နေရာကျော်ပြတ်ပြတ်သားသား (Landslide) ရနိုင်ရန် ခဲယဉ်းနေဆဲပါ။ ထို့ကြောင့် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ “ သစ္စာဖောက်ခံရခြင်း” မျိုး ထပ်မဖြစ်စေရန် ဖြူထိုင်း (Pheu Thai) ကဲ့သို့သော ပါတီများနှင့် မည်သို့ ညှိနှိုင်းမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။
နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ရန် အခက်အခဲမှာ ဖြူထိုင်း (Pheu Thai) သည် လက်ရှိတွင် ရှေးရိုးစွဲ ဝါဒီများ၊ စစ်တပ် လိုလားသော ပါတီများနှင့် လက်တွဲထားပါသည်။ ပြည်သူ့ပါတီ၏ အဓိက မူဝါဒ ဖြစ်သော “ တော်ဝင်မိသားစု အသရေဖျက်မှုဥပဒေ (Article 112)” ပြင်ဆင်ရေးကို ဖြူထိုင်းပါတီက သဘောမတူသဖြင့် မဟာမိတ်ဖွဲ့ရန် ခဲယဉ်းနေခြင်း ဖြစ်သည်။ သို့သော် ပြည်သူ့ပါတီကသာ “ တောင်ပြိုကမ်းပြို” နိုင်ခဲ့လျှင် ဖြူထိုင်းအနေဖြင့် လူထုဆန္ဒကို မလွန်ဆန်နိုင်ဘဲ ပေါင်းစည်းလာရနိုင်ခြေရှိပါသည်။
လက်ရှိအာဏာရ ဝန်ကြီးချုပ် အနုတင် (Anutin)သည် စစ်တပ်နှင့် ရှေးရိုးစွဲဝါဒီများ၏ ထောက်ခံမှုကို ရယူထားပြီး အစိုးရပြန်ဖွဲ့နိုင်ရန် ကြိုးပမ်းနေပါသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်က လက်နက်ဖြင့် အမြစ်ဖြတ်ရန် ကြိုးစားနေရချိန်တွင်၊ ထိုင်းနိုင်ငံ၌ “ တရားစီရင်ရေး အာဏာသိမ်းမှု (Judicial Coup)” များဖြင့် ပြိုင်ဖက်နိုင်ငံရေးပါတီများကို အကြိမ်ကြိမ် ဖျက်သိမ်းနေခြင်းမှာ “ လူထုမကျေနပ် ချက်များ တိုး ပွားနေခြင်း” ပင် ဖြစ်ပါသည်။
သို့သော် ထိုင်းနိုင်ငံ၏ အားသာချက်မှာ –
Institution (အဖွဲ့အစည်း) ကို မဖျက်နိုင်ခြင်းပင်ဖြစ်သည် ပါတီအမည်နှင့် ခေါင်းဆောင် ပြောင်းသွားသော်လည်း အယူအဆ (Ideology) မှာ လူထုကြားတွင် ပိုမိုခိုင်မာလာခြင်း ဖြစ်သည်။
အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ (Referendum) ကို ယနေ့ ရွေးကောက်ပွဲနှင့်အတူ အခြေခံဥပဒေသစ် ရေးဆွဲသင့်မသင့် ဆန္ဒခံယူပွဲကိုပါ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ပါသည်။ ၎င်းသည် “ မဲပုံးအထက်ကအရာ” ကို ကျော်လွှားရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။
မနက်ဖြန် ရလဒ်သည် ပြည်သူ့ပါတီအတွက် “ တောင်ပြိုကမ်းပြို” ဖြစ်ခဲ့လျှင်ပင် အာဏာပိုင်များက ဥပဒေကြောင်းအရ ထပ်မံဟန့်တားရန် ကြိုးစားဦးမည်မှာ သေချာပါသည်။ သို့သော် “ လူထု၏ အဆုံးအဖြတ်” သည် နောက်ဆုံးလက်နက်ပင် ဖြစ်ပါသည်။
အခြေခံဥပဒေသစ် ရေးဆွဲရန် ဆန္ဒခံယူပွဲ အောင်မြင်ခဲ့လျှင် People’s Party အတွက် “ နိုင်ငံရေး ထွက်ပေါက်နှင့် ရေရှည်အောင်ပွဲ” ဖြစ်လာနိုင်ပါသည်။ယခုလက်ရှိ ၂၀၁၇ အခြေခံဥပဒေသည် စစ်တပ်က ရေးဆွဲထားခြင်းဖြစ်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အာဏာအလွန် အကျွံဘယ်လို ပေးထားပါသည်။ ထိုအာဏာဖြင့်ပင် Future Forward နှင့် Move Forward ပါတီတို့ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ အခြေခံဥပဒေသစ်တွင် ခုံရုံး၏ အာဏာကို ကန့်သတ်နိုင်ခဲ့လျှင် ပြည်သူ့ပါတီအနေဖြင့် ပါတီထပ်မံဖျက်သိမ်းခံရမည့် ဘေးမှ ကင်းဝေးသွားပါလိမ့်မည်။
ဒုတိယအခွင့်အရေးမှာစစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ဖယ်ရှားနိုင်ခြင်း ဖြစ်လာနိုင်သည်။ အခြေခံဥပဒေသစ်သည် စစ်တပ်အာဏာသိမ်းမှုကို တားဆီးသည့် အပိုဒ်များ ပါဝင်လာနိုင်ပြီး၊ စစ်တပ်က ခန့်အပ်ထားသည့် အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲ နိုင်ပါလိမ့်မည်။ ၎င်းသည် ပြည်သူ့ပါတီလိုလားသော “ စစ်တပ်ကို အရပ်သားအစိုးရအောက် ထားရှိရေး” မူဝါဒကို အကောင်အထည်ဖော်ရန် လွယ်ကူသွားစေမှာဖြစ်သည်။
မျှတလွတ်လပ်သည့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲခြင်းလည်းဖြစ်လာနိုင်ပါသည်။ ပြည်သူ့ပါတီကဲ့သို့ လူငယ်နှင့် မြို့ပြထောက်ခံမှု အားကောင်းသော ပါတီများအတွက် ပိုမိုမျှတသော မဲပေးစနစ် (ဥပမာ – ပါတီစာရင်းဝင်အမတ်များ ပိုမိုရရှိနိုင်မည့်စနစ်) ကို ပြန်လည်ကျင့်သုံးခွင့် ရရှိနိုင်ပါသည်။
ခြုံငုံသုံးသပ်ချက်ရလျှင် ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီသာ အမတ်နေရာ အများအပြား အနိုင်ရခဲ့ပြီး၊ တစ်ပြိုင်တည်း ကျင်းပသည့် ဆန္ဒခံယူပွဲတွင်လည်း “ အခြေခံ ဥပဒေသစ် ရေးဆွဲရန်” လူထုက ထောက်ခံခဲ့လျှင် – ထိုင်းနိုင်ငံရေးတွင် စစ်အာဏာရှင် ယန္တရား ကို ဥပဒေကြောင်းအရ အမြစ်ဖြတ်နိုင်မည့် “ နွေဦးရာသီ” အစစ်အမှန် ရောက်လာနိုင်သည်ဟု ယူဆရပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် “ စနစ်တကျ ဒီဇိုင်းထုတ်ထားသော အာဏာရှင်ယန္တရား” ရှိနေသည့် အချက်မှာ အလွန်တူညီနေသည်ကို တွေ့ရပါ လိမ့်မည်။
ရွေးကောက်ပွဲရလဒ်ကို ဥပဒေဖြင့် လှည့်စား ပယ်ဖျက်ခြင်း(Lawfare)ကို မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က “ မဲမသမာမှု” ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့ခြင်းတွင်တွေ့ရသလို၊ ထိုင်းနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၌ Move Forward ပါတီ အပြတ် အသတ် နိုင်ခဲ့သော်လည်း ခုံရုံးနှင့် အထက်လွှတ်တော်ကို အသုံးချကာ အစိုးရဖွဲ့ခွင့်မရအောင် ဟန့်တားခဲ့သည်။ နှစ်နိုင်ငံစလုံးတွင် “ ပြည်သူ့ဆန္ဒထက် အင်စတီကျူးရှင်း (Institution) တစ်ခု၏ အဆုံးအဖြတ်က ပိုအရေးကြီးသည်” ဆိုသည့် အယူအဆကို အတင်းအဓမ္မ သွတ်သွင်းနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်စတီကျူးရှင်း ခိုင်မာသော စစ်တပ်က သူတို့လိုလားသောအခြေအနေဖန်တီးရန် တဖက်သတ်ဥပဒေပြုနေပြီး ထိုင်းနိုင်ငံတွင် ဘုရင်စနစ် ထောက်ခံသော ရှေးရိုးဝါဒီများနှင့်စစ်တပ်တို့ ကြိုးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး (Constitutional Court) တို့က ဥပဒေပြု ကြိုးကိုင်၍ အတိုက်အခံတို့ကို တားဆီးထားသည်။
ထိုင်းနိုင်ငံ၏ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး (Constitutional Court) ကို ပေးထားသည့် အာဏာမှာ အလွန်ကျယ်ပြန့်ပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသော အစိုးရများနှင့် နိုင်ငံရေးပါတီများကိုပါ ထိန်းချုပ် နိုင်သည့် အဆင့်တွင် ရှိနေပါသည်။ ၎င်းကို “ Judicialization of Politics” (နိုင်ငံရေးကို တရားစီရင်ရေးဖြင့် ထိန်းချုပ်ခြင်း) ဟု ပညာရှင်များက ခေါ်ဆိုကြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ယူခြင်းမှာလည်းနှစ်နိုင်ငံလုံးတူညီကြသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ထိုင်းနိုင်ငံ၏ ၂၀၁၇ ဖွဲ့စည်းပုံတို့သည် စစ်အာဏာရှင်များကိုအသာပေးထားမှု အနှစ်သာရချင်း တူညီပါသည်။
မြန်မာတွင် လွှတ်တော်ထဲတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားပြီး ဗီတိုအာဏာကို ကိုင်ထားသည်။
ထိုင်းတွင် စစ်တပ်ခန့် အထက်လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အသုံးချကာ အရပ်သားအစိုးရကို ထိန်းချုပ်သည်။ နှစ်နိုင်ငံစလုံးတွင် အခြေခံဥပဒေသည် ပြည်သူကို အကာအကွယ်ပေးရန်ထက် “ အာဏာရှိသူများ အာဏာတည်မြဲရန်” အတွက်သာ အသုံးတော်ခံ ဖြစ်နေပါသည်။
ပါတီများနှင့် ခေါင်းဆောင်များကို နိုင်ငံရေးမှ ဖယ်ရှားခြင်းတွင်လည်းဆင်တူကြသည်။
မြန်မာနိုင်ငံတွင် NLD ပါတီကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်များစွာ ချမှတ်ကာ နိုင်ငံရေးမှ ဖယ်ရှားထားသလို၊ ထိုင်းနိုင်ငံတွင်လည်း Future Forward နှင့် Move Forward ပါတီများကို ဖျက်သိမ်းပြီး သန်နသွန် (Thanathorn) နှင့် ပီတာ (Pita) တို့ကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့သည်။ ၎င်းသည် “ မိမိတို့နှင့် အယူအဆမတူသော လူထုခေါင်းဆောင်များကို ဥပဒေဖြင့် ရှင်းလင်းသည့်နည်းလမ်း” ဖြစ်ပါသည်။
မတူညီသည့် အဓိကအချက် (The Big Difference)
မြန်မာနှင့် ထိုင်း၏ အခြေအနေတွင် အဓိကကွာခြားချက်မှာ “ ပြည်သူ့တုန့်ပြန်မှုပုံစံ” ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူတို့၏သည်းခံနိုင်မှုအတိုင်းအတာကျော်လွန်းသွားပြီး ဥပဒေတွင်း တိုက်ပွဲဝင်ရန် လမ်းစ မရှိနိုင်တော့ဟုယုံကြည်ချက်ဖြင့် ပြည်သူများက “ နွေဦးတော်လှန်ရေး” အဖြစ် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ထိုင်းပြည်သူများကမူ ယနေ့ထိ “ ဥပဒေတွင်း တိုက်ပွဲ” ကို ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သည်။ ပါတီတစ်ခုကို ဖျက်လျှင် နောက်ထပ်ပါတီတစ်ခုကို ချက်ချင်းတည်ထောင်ကာလိမ္မော်ရောင်လှိုင်း “ Orange Wave” အရှိန်ကို မပျက်အောင် ထိန်းထားနိုင်ကြသည်။
ထိုင်းနိုင်ငံ၏ မနက်ဖြန် ရွေးကောက်ပွဲရလဒ်သည် မြန်မာ့ဒီမိုကရေစီ အရေးအတွက်လည်း အားတက်စရာ သတင်းတစ်ခု ဖြစ်လာနိုင်မလား၊ သို့မဟုတ် အာဏာရှင်ယန္တရားကပင် အနိုင်ရသွားဦးမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။
ထိုင်းနိုင်ငံရေး၏ လက်တွေ့ကျသော ပကတိအခြေအနေကို နက်နဲစွာ ထောက်ပြရလျှင် အထူးသဖြင့် “ ပီတာတို့၏ သည်းခံမှု” နှင့် “ မြန်မာနှင့်မတူသော ပထဝီနိုင်ငံရေး အခြေအနေ” တို့သည် အလွန်အရေး ကြီးပါသည်။
၁။ ခေါင်းဆောင်မှု၏ တာဝန်သိမှု (Responsible Leadership)
ပြည်သူများသည် ခေါင်းဆောင်မှုနောက်သို့ လိုက်ပါလေ့ရှိကြသည်။ ပီတာနှင့် People’s Party ခေါင်းဆောင်များသည် “ လူထုကို လမ်းပေါ်ဆွဲထုတ်ရန်” အင်အားရှိသော်လည်း ထိုသို့ မလုပ် ခြင်း မှာ တိုင်းပြည်ပျက်စီးမည့် လမ်းကို မရွေးချယ် လိုသောကြောင့် ဖြစ်ပါသည်။ ၎င်းသည် “ တာဝန်သိသော နိုင်ငံရေးသမား” တို့၏ စိတ်ဓာတ်ဖြစ်ပြီး၊ ဥပဒေဘောင်အတွင်းမှ “ ရေရှည်တိုက်ပွဲ” ကို ရွေးချယ်ခြင်းမှာ ပို၍ ဆုံးရှုံးမှုနည်းပါးစေမည်ဟုယူဆကြပါသည်။
၂။ လက်နက်ကိုင်တော်လှန်ရေးအတွက် အခွင့်မသာမှု
မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ချက်မှာ အလွန်ပင် ရှင်းလင်းလှပါသည်။
မြန်မာနိုင်ငံသည် စစ်တပ်ကို ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်နေသည့်၊ ကိုယ်ပိုင်နယ်မြေနှင့် စစ်သင်တန်းပေးနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ရှိနေခြင်းက နွေဦးတော်လှန်ရေးအတွက် အင်အားဖြစ်စေခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ထိုကဲ့သို့သော အင်အားစုမျိုး မရှိပါ။ လက်နက်အင်အား အားလုံးမှာ စစ်တပ်၏ လက်ထဲတွင်သာ ရှိပြီး၊ တောခို၍ တိုက်ပွဲဝင်ရန် နယ်မြေနှင့် အခြေအနေ မပေးပါ။ ထို့ကြောင့် လက်နက်ကိုင်လမ်းစဉ်သည် ထိုင်းနိုင်ငံအတွက် “ မဖြစ်နိုင်သော လမ်းစဉ်” ဟု ဆိုရပါမည်။
၃။ ဆန္ဒခံယူပွဲ (Referendum) သည်သာ ငြိမ်းချမ်းသော ထွက်ပေါက်
အကယ်၍ ရွေးကောက်ပွဲတွင် ပြည်သူများက အခြေခံဥပဒေသစ် ရေးဆွဲရန် တခဲနက် ထောက်ခံ ခဲ့လျှင် ၎င်းသည် ခေါင်းဆောင်များအတွက် အားကောင်းသော “ ပြည်သူ့အမိန့်” (People’s Mandate) ဖြစ်လာပါလိမ့်မည်။ ၎င်းသည် စစ်တပ်ကို တိုက်ရိုက် ရန်စခြင်းမဟုတ်ဘဲ “ ပြည်သူ့ဆန္ဒအရ ဥပဒေပြုခြင်း” ဖြစ်သဖြင့် စစ်တပ်အနေဖြင့် အာဏာသိမ်းရန် အကြောင်း ပြချက် ပေးရန် ခက်ခဲသွားပါလိမ့်မည်။ ဤနည်းလမ်းသည် ထိုင်းနိုင်ငံအတွက် “ အကြမ်းမ ဖက်ဘဲ စနစ်တကျ ပြုပြင်ပြောင်းလဲခြင်း” အတွက် အကောင်းဆုံးနှင့် အန္တရာယ် အကင်းဆုံး လမ်းစ ဖြစ်ပါသည်။
မြန်မာနှင့်ထိုင်းခေါင်းဆောင်မှုကိုချိန်ထိုးကြည့်ခြင်း။
၁။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (Personality Cult) နှင့် စနစ် (System)
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်သည် “ ရုပ်ပုံလွှာ” (Icon) တစ်ခု ဖြစ်ခဲ့သည်။ ဖခင်၏ အရှိန်အဝါနှင့် ပြည်သူတို့၏ ခေါင်းဆောင်ငတ်မွတ်မှုကြောင့် သူမသည် နိုင်ငံခြားတွင် မြန်မာနိုင်ငံရေးနှင့်လုံးဝမပတ်သက်ဘဲ အေးချမ်းစွာ နေထိုင်သည့် အိမ်ထောင်ရှင်မဘဝမှ နေ့ချင်း ညချင်း အစားထိုးမရသောပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ခံရသည့် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုအချက်၏ အားနည်းချက်မှာ ခေါင်းဆောင်မရှိသည်အခါ အဖွဲ့အစည်းကိုပါ ယိုင်နဲ့သွားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ Move Forward/People’s Party တွင်မူ -သန်နတ်သွန် (Thanathorn) ကို ပိတ်ပင် လိုက်လျှင် ပီတာ (Pita) တက်လာသည်။ ပီတာကို ပိတ်ပင်လိုက်လျှင် နတ်ထာဖုန် (Natthaphong) တက်လာသည်။ ၎င်းတို့သည် “ ခေါင်းဆောင် ဆိုသည်မှာ မူဝါဒကို သယ်ဆောင်သည့် ယာဉ်ရထားသာဖြစ်သည်” ဟူသော အယူအဆဖြင့် သွားနေကြသဖြင့် ခေါင်းဆောင် ပြောင်းလဲ သော်လည်း အရှိန်အဟုန်မပျက်ခြင်း ဖြစ်သည်။
၂။ နိုင်ငံရေးအတွေ့အကြုံနှင့် အနီးကပ်ဝန်းရံသူများ
ဒေါ်အောင်ဆန်းစုကြည်၏ ပတ်ဝန်းကျင်တွင် စစ်ဗိုလ်လူထွက်များနှင့် အခွင့်အရေးသမားများ ဝန်းရံနေခဲ့သည်ဆိုသော အချက်မှာ မြန်မာ့နိုင်ငံရေး ဝေဖန်ချက်များတွင် အမြဲပါလေ့ရှိသည့် မိမိကြားချင်သည်ကိုသာ ပြောနေသူများအကြားတွင် ရောက်နေခြင်း(“ Echo Chamber” ) ပြဿနာ ဖြစ်သည်။ ဦးနေဝင်းလက်ထက်တွင်လည်း ထိုဝိုင်းဖားနေသည့် ပြဿနာ ကြောင့် တိုင်းပြည် ဂျောက်ထဲကကျခဲ့ရသည်။ ၎င်းသည် နိုင်ငံရေးအရ အမြင်ကျဉ်းမြောင်းမှုနှင့် လက်တွေ့ဖြစ်ပျက်နေမှု တို့ကို မသိနားလည်နိုင်ဘဲ ကင်းကွာသွားစေခဲ့ပါသည်။
ထိုင်းလူငယ်ခေါင်းဆောင်များမှာမူ “ အောက်သက်ကြေ” ကြသည်။ မြေပြင်အခြေအနေ၊ နည်းပညာနှင့် ကမ္ဘာ့အမြင် (Global Outlook) ရှိကြသည်။ ၎င်းတို့၏ အနီးအနားတွင် ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ခေတ်မီသူများ ဝန်းရံထား သဖြင့် ဆုံးဖြတ်ချက် များသည် ပိုမိုခေတ်မီပြီး လက်တွေ့ကျနေပါသည်။
၃။ မျိုးဆက်သစ်မွေးမြူမှုနှင့် လက်တွဲဖော်များ
CRPP နှင့် တိုင်းရင်းသားခေါင်းဆောင်များအပေါ် ဆက်ဆံပုံသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးသော သင်ခန်းစာတစ်ခု ဖြစ်ခဲ့သည်။ သာဓကအားဖြင့် SNLDပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဦးဖူရှင်းထန်တို့ကိုလက်တွဲဖြုတ်ခဲ့ခြင်း။ ဒေါ်အောင်ဆန်းစုကြည်၏ “ သစ်ခုတ်သမား” နှင့် “ ပန်းပုထုသမား” တင်စားချက်မှာ အနစ်နာခံလုပ်ခဲ့သည့် နိုင်ငံရေးသမား များကို စော်ကားမှုတခုအဖြစ် သမိုင်းတွင်ခဲ့ ပါသည်။
NLD သည် ဒုတိယတန်းစား ခေါင်းဆောင်များကို မွေးမြူရန် ပျက်ကွက်ခဲ့သဖြင့် ယနေ့အချိန်တွင် ခေါင်းဆောင်မှု ဟာကွက် (Leadership Vacuum) နှင့် ရင်ဆိုင်နေရပါသည်။
ထိုင်းတွင်မူ လူငယ်များကို နေရာပေးရုံတင်မကဘဲ၊ မျိုးဆက်သစ်များကို ပါတီ၏ ပင်မအင်အားစုအဖြစ် စနစ်တကျ ပြုစုပျိုးထောင်ထားပါသည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ “ တဗိုလ်ကျ တဗိုလ်တက်” ကစားနိုင်ခြင်း ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသည် “ စိတ်ဓာတ်ပြင်းပြမှုနှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု” အပေါ်တွင်သာ အခြေခံခဲ့ပြီး၊ ထိုင်းနိုင်ငံရေး (ယခုမျိုးဆက်) မှာမူ “ မဟာဗျူဟာနှင့် အဖွဲ့အစည်းစနစ်” အပေါ်တွင် အခြေခံနေသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် ယခုအခါ လူငယ်များက ခေါင်းဆောင်မှုအပိုင်းကို ယူလာကြပြီဖြစ်ရာ၊ “ ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များ” ကို သင်ခန်းစာယူပြီး ထိုင်းနိုင်ငံကဲ့သို့ “ အဖွဲ့အစည်းကို အခြေခံသော ခေါင်းဆောင်မှု” မျိုးကို တည်ဆောက် နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
နိဂုံးချုပ်အနေဖြင့် – ထိုင်းနိုင်ငံ၏ နွေဦးသည် မြန်မာနိုင်ငံကဲ့သို့ ပေါက်ကွဲထွက်လာသည့် ပုံစံမျိုးမဟုတ်ဘဲ “ ပန်းပွင့်လေးများ ကို တစ်ပွင့်ချင်း စုဆောင်းရင်း ရောက်လာမည့်နွေဦး” ပုံစံမျိုး ဖြစ်နေပါလိမ့်မည်။ ခေါင်းဆောင်များက သည်းခံကာ ဉာဏ်ထုတ်သုံးနေသရွေ့ ထိုင်းနိုင်ငံသည် သွေးထွက်သံယိုမှု နည်းပါးစွာဖြင့် ဒီမိုကရေစီဆီသို့ လှမ်းနိုင်မည့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါသည်။
ယခုရွေးကောက်ပွဲမှာ ထိုင်းပြည်သူများက သူတို့၏ “ မဲတစ်မဲ” နှင့် မည်သို့ သမိုင်းသစ် ရေးထိုးမလဲဆိုသည်ကို စောင့်ကြည့်ရမှာ အမှန်တကယ် စိတ်လှုပ်ရှားစရာပင်ဖြစ်သည်။

ဘန်ကောက်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး စုဝေးပွဲသို့ ပြည်သူ့ပါတီထောက်ခံသူများ တက်ရောက်နေစဉ်(ပုံ)

လက်ရှိ ပြည်သူ့ပါတီ၏ ခေါင်းဆောင်မှာ နတ်သဖုန်း ရွန်ပန်ယာဝပ် (Natthaphong Ruengpanyawut)မဲဆွယ်နေစဥ်။(ပုံ)

ပြည်သူ့ပါတီ၏ ခေါင်းဆောင်မှာ နတ်သဖုန်း ရွန်ပန်ယာဝပ် (Natthaphong Ruengpanyawut)နှင့်အဖွဲ့ဝင်များမဲဆွယ်ထွက်လာစဥ်။ (ပုံ)

ပထမ အနာဂါတ်သို့ချီပါတီ(Future Forward Party)ခေါင်းဆောင် သန်းနတ်သွန် (Thanathorn Juangroongruangkit) (ပုံ)

ဒုတိယ ရှေ့သို့ချီပါတီ (Move Forward Party) ခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ် (Pita Limjaroenrat)(ပုံ)

ဘန်ကောက်တွင် ပြည်သူ့ပါတီကို ထောက်ခံသူတစ်ဦးသည် ဝန်ကြီးချုပ်လောင်း Natthaphong Ruengpanyawut ၏ ပုံတူကို ကိုင်ဆောင်ထားစဉ်(ပုံ)







