CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက်
ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။
လူထုစစ်တမ်းများအရ အတိုက်အခံ တစ္စ (Tisza) ပါတီက အပြတ်အသတ် အနိုင်ရမည်ဟု ခန့်မှန်းထားသော်လည်း ၎င်း၏ ထောက်ခံသူ အများအပြားမှာမူ ထိုအောင်ပွဲခံစားချက်ကို စိတ်ကူးကြည့်ရန်ပင် ငြင်းဆန်ခဲ့ကြသည်။ အော်ဘန်၏ လစ်ဘရယ်မဆန်သော ဖီဒက်စ် (Fidesz) ပါတီက ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက်၊ ရွေးကောက်ပွဲ ကစားကွင်းမှာ ၎င်း၏ ပြိုင်ဘက်များအတွက် အလွန်အမင်း မမျှမတ ဖြစ်နေခဲ့သဖြင့် အစားထိုးနိုင်မည့် အခွင့်အလမ်း ရှိ၊ မရှိကို အချို့က သံသယဝင်ခဲ့ကြသည်။
ထို့ကြောင့် အော်ဘန်က ၎င်း၏ပြိုင်ဘက် ပီတာ မာဂျာ (Péter Magyar) ထံ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သောအခါ အချို့သူများအတွက် စနစ်ဟောင်းချုပ်ငြိမ်းပြီး အသစ်ပြောင်းလဲမှု (Regime change) ဖြစ်သွားသလို ခံစားခဲ့ရသည်။ စာရေးဆရာနှင့် ကဗျာဆရာတစ်ဦးဖြစ်သူ အန်ဒရပ်စ် ပက်တော့ဇ် (András Petöcz) က ထိုခံစားချက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ်က ဘူဒါပတ်စ်မြို့တွင် ရှိနေခဲ့သည့် ခံစားချက်နှင့် တူညီသည်ဟု ဆိုသည်။
“ ကွန်မြူနစ်အစိုးရ လက်ထက်ကုန်ဆုံးတုန်းက ကျွန်တော့်အသက် ၃၀ ရှိပြီ။ အခုလည်း အဲဒီခံစားချက်မျိုးပဲ၊ အတူတူပါပဲ” ဟု ဖီဒက်စ် ထောက်ခံသူ ထောင်ပေါင်းများစွာ ရလဒ်များကို စောင့်ကြည့်နေကြသည့် ဒါနုမြစ်ကမ်းနားမှနေ၍ CNN ကို ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည့် မာဂျာက လူအုပ်ကြီးကို “ ကျွန်တော်တို့ အတူတကွ အော်ဘန်အစိုးရကို အစားထိုးလိုက်ပြီ။ ကျွန်တော်တို့ အတူတကွ ဟန်ဂေရီကို လွတ်မြောက်စေခဲ့ပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ပြန်ရယူနိုင်ခဲ့ပြီ” ဟု ပြောကြားခဲ့သည်။
လွှတ်တော်အတွင်း တစ္စပါတီ ရရှိမည့် အမတ်နေရာ အရေအတွက်မှစ၍ ဖီဒက်စ် တည်ဆောက်ခဲ့သည့် စနစ်ကို မည်သို့ ပြန်လည်ပြင်ဆင်မည် ဆိုသည်အထိ မရေရာမှုများ ရှိနေသေးသော်လည်း အော်ဘန်၏ ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင်၏ လမ်းဆုံး (cul-de-sac) ကို ပြသနေသည်။ ၎င်း၏ ရှုံးနိမ့်မှုသည် ၎င်းကို အတုယူလိုသူများအတွက်ရော၊ ၎င်းထွက်ခွာသွားသည်ကို ဝမ်းမြောက်နေသူများအတွက်ပါ သင်ခန်းစာများ ပေးနေသည်။
ပထမဆုံး သင်ခန်းစာမှာ အမျိုးသားရေးဝါဒ (Nationalism) ကို နိုင်ငံတကာအဆင့်အထိ ချဲ့ထွင်ရန် ခက်ခဲခြင်းဖြစ်သည်။ ဟန်ဂေရီကို ဥရောပသမဂ္ဂ (EU) နှင့် လစ်ဘရယ်ဝါဒများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ပေးမည်ဟု ကတိပြုကာ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်သူအဖြစ် နှစ်ရှည်လများ အုပ်ချုပ်ခဲ့သော်လည်း အော်ဘန်၏ နောက်ဆုံး မဲဆွယ်ပွဲများမှာမူ အမေရိကန်နှင့် ရုရှားရှိ ၎င်းကို အားပေးသည့် အင်အားကြီး နိုင်ငံတကာ မှ ထောက်ခံရှင်များအပေါ်တွင်သာ အလွန်အမင်း မှီခိုခဲ့ရသည်။
ဥရောပရှိ ထရန့်အစိုးရ၏ အရင်းနှီးဆုံး မဟာမိတ်ကို ကူညီရန် ပြီးခဲ့သည့်အပတ်က ဘူဒါပတ်စ်သို့ ရောက်ရှိလာသော ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က အော်ဘန်ကို “ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန်” ကူညီလိုကြောင်း ပြောကြားခဲ့သည်။ သမ္မတ ထရန့် ကမူ ပို၍ပင် ရှေ့တိုးကာ “ ဗစ်တာ အော်ဘန်ကို မဲပေးကြပါ၊ သူက မိတ်ဆွေစစ်၊ တိုက်ပွဲဝင်သူနဲ့ အောင်နိုင်သူဖြစ်တယ်” ဟု Truth Social တွင် အပြင်းအထန် တိုက်တွန်း မဲဆွယ် ပေး ခဲ့သည်။
ထရန့်အစိုးရအဖွဲ့၏ ချဉ်းကပ်မှုများမှာ အလုပ်မဖြစ်ခဲ့ပေ။ အင်္ဂါနေ့က ဗန့်စ်၏ မိန့်ခွန်းကို နားထောင်ရန် ရောက်ရှိလာသည့် ဟန်ဂေရီနိုင်ငံသား အချို့မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ၏ အာရုံစိုက်မှုကို ရရှိသည့်အတွက် ဂုဏ်ယူကြသော်လည်း၊ နိုင်ငံခြားအင်အားကြီးနိုင်ငံတစ်ခုက ခိုင်းစေသောကြောင့် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတစ်ဦးကို မဲပေးရမည်ဟု ယူဆခြင်း မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။
အော်ဘန် မရှုံးနိမ့်မီက ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အော်ဘန်ကို သိကျွမ်းခဲ့သည့် ဘူလ်ဂေးရီးယား နိုင်ငံရေးသိပ္ပံပညာရှင် အီဗန် ခရက်စတက်ဗ် (Ivan Krastev) က CNN ကို “ ရယ်စရာကောင်းတာက သူရှုံးမယ်ဆိုရင် ဂလိုဘယ်လစ် (Globalist) တစ်ယောက်လို ရှုံးမှာ ပါ။ နိုင်ငံခြားက သူ့မိတ်ဆွေတွေကို အကူအညီတောင်းနေတာက နိုင်ငံတကာရေးရာကို ဦးစားပေးတဲ့ ခေါင်းဆောင်တွေ လုပ်တတ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ပါ” ဟု ပြောခဲ့သည်။
အော်ဘန်၏ မဲဆွယ်မှုက နိုင်ငံခြားရေးမူဝါဒကို အလွန်အမင်း အာရုံစိုက်ရသည့် အကြောင်းရင်း တစ်ခုမှာ ၎င်း၏ ပြည်တွင်းရေး စွမ်းဆောင်ရည် ညံ့ဖျင်းနေခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ ၎င်း၏ ရှုံးနိမ့်မှုမှ နောက်ထပ် သင်ခန်းစာတစ်ခုပင် ဖြစ်သည် – ပေါ်ပြူလစ်ဇင်သည် နေ့စဉ် သတင်းစီးဆင်းမှုတွင် အနိုင်ရရန်သာ ကြိုးစားခြင်းဖြစ်သည်။ ဤသို့ “ တိုက်ပွဲတစ်ခုပြီးတစ်ခု” ပုံစံဖြင့် အုပ်ချုပ်ရန်အတွက် ရန်သူများ အစဉ်တစိုက် လိုအပ်နေသည်။ အော်ဘန်သည် NGO များ၊ လစ်ဘရယ် တက္ကသိုလ်များ၊ ဂျော့ချ် ဆိုရော့စ် (George Soros)၊ LGBTQ လှုပ်ရှားမှုနှင့် ဥရောပသမဂ္ဂ စသည့် ရန်သူပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် နောက်ဆုံးတွင် သတ်ပစ်ရမည့် ပစ်မှတ် (ရန်သူများ) ကုန်သွားခဲ့သည်။ အော်ဘန်၏ မဲဆွယ်ပွဲ အများစုမှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ပုတ်ခတ်ပြောဆိုခြင်းသာ ဖြစ်သည်။ ဘူဒါပတ်စ် တစ်မြို့လုံးတွင် ယူကရိန်းသမ္မတ ဇီလန်းစကီး၏ ပိုစတာများ ကပ်ထားပြီး “ အန္တရာယ်!” သို့မဟုတ် “ သူ့ကို နောက်ဆုံးမှာ ရယ်ခွင့်မပေးနဲ့” စသည့် စာသားများ ပါရှိသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ကဲ့သို့သော မူဝါဒအောင်မြင်မှုများ ပြစရာမရှိသဖြင့် အော်ဘန်၏ မဲဆွယ်ပွဲသည် ယူကရိန်း ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်ဟူသော အန္တရာယ်များမှ ကာကွယ်ပေးမည့် “ ဘေးကင်းသော ရွေးချယ်မှု” အဖြစ် ပုံဖော်ကာ ဟန်ဂေရီနိုင်ငံသားများကို ခြောက်လှန့်၍ ဖီဒက်စ်ပါတီကို မဲပေးရန် စည်းရုံးခဲ့သည်။ “ သူက အချုပ်အခြာအာဏာအကြောင်း အမြဲပြောနေပေမယ့် ဟန်ဂေရီ အချုပ်အခြာအာဏာအတွက် အဓိကခြိမ်းခြောက်မှုဟာ ယူကရိန်းဖြစ်တယ်လို့ ယုံကြည်ရတာက ရယ်စရာကြီး ဖြစ်နေပြီ” ဟု ခရက်စတက်ဗ်က ဆိုသည်။
နိုင်ငံခြားမှလာမည့် မရေရာသော အန္တရာယ်သတိပေးချက်များကို တုံ့ပြန်ရန်အတွက် မာဂျာက အော်ဘန်၏ ပြည်တွင်းရေး လုပ်ဆောင်ချက်များကို ထောက်ပြရုံမျှဖြင့် လုံလောက်ခဲ့ပြီး၊ ယင်းလုပ်ဆောင်ချက်များအပေါ် ဟန်ဂေရီနိုင်ငံသားများက စိတ်ပျက်နေကြပြီ ဖြစ်သည်။
ပေါ်ပြူလစ်ဝါဒီများကို အနိုင်ယူလိုသူများအတွက်လည်း အော်ဘန်၏ ရှုံးနိမ့်မှုက သင်ခန်းစာ ပေးနေသည်။ ၎င်း၏ အပြတ်အသတ် အောင်ပွဲရှိသော်လည်း လက်ဝဲယိမ်းသူများနှင့် လစ်ဘရယ် ဟန်ဂေရီနိုင်ငံသား အများအပြားမှာ ဖီဒက်စ် ပါတီဝင်ဟောင်းဖြစ်ပြီး ရှေးရိုးစွဲဝါဒီဖြစ်နေဆဲဖြစ်သည့် မာဂျာကို အပြည့်အဝ သဘောကျနေခြင်းတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဟန်ဂေရီနိုင်ငံသားများသည် မာဂျာကို အော်ဘန်အား အနိုင်ယူနိုင်မည့် အကောင်းဆုံးသော ရွေးကောက်ပွဲ အခွင့်အလမ်းအဖြစ် မှန်ကန်စွာ ဆုံးဖြတ်ပြီး ၎င်း၏ နောက်ကွယ်တွင် စုရုံးခဲ့ကြသည်။ ဘူဒါပတ်စ် အခြေစိုက် Political Capital သုတေသနအဖွဲ့ကို ဦးဆောင်သူ နိုင်ငံရေးသိပ္ပံပညာရှင် ပီတာ ခရီကို (Péter Krekó) က ဟန်ဂေရီရှိ လစ်ဘရယ် မဲဆန္ဒရှင်များသည် “ အကောင်းဆုံး မရနိုင်သည့်အတွက် အသင့်အတင့် ကောင်းမွန်သော အရာကို လက်လွတ်မခံခဲ့ကြခြင်း” ဖြစ်သည်ဟု ဆိုသည်။
အောင်ပွဲခံမိန့်ခွန်းတွင် မာဂျာက ရှေ့ဆက်ရမည့် စိန်ခေါ်မှုများကို ရှင်းရှင်းလင်းလင်း သိမြင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အော်ဘန်ကို အစိုးရသစ်၏ လုပ်ငန်းစဉ်များကို မနှောင့်ယှက်ဘဲ “ အိမ်စောင့်အစိုးရ” အဖြစ်သာ ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
သို့သော် ၎င်း၏ ထောက်ခံသူများအတွက်မူ တစ္စပါတီအနေဖြင့် အော်ဘန်စနစ်ကို ဖျက်သိမ်းပြီး ထိရောက်စွာ အုပ်ချုပ်နိုင်၊ မနိုင် ဆိုသည်မှာ နောက်တစ်နေ့မှ စဉ်းစားရမည့် မေးခွန်းသာ ဖြစ်သည်။
“ ဟန်ဂေရီဟာ အနောက်ကမ္ဘာမှာ လစ်ဘရယ်မဆန်မှု၊ အမှန်တရားကို မျက်ကွယ်ပြုမှုနဲ့ အာဏာရှင်ဆန်မှုတို့ရဲ့ စံပြပုံစံကနေ ဒီမိုကရေစီ ပြောင်းလဲမှုရဲ့ စံပြပုံစံတစ်ခု ဖြစ်လာမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ဇာတ်ကွက် အလှည့်အပြောင်းတစ်ခုပါပဲ” ဟု ခရီကိုက ဆိုသည်။ ရှေ့ဆက်ဘာဖြစ်လာမလဲဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ဟန်ဂေရီနိုင်ငံ၏ ရာထူးမှ နုတ်ထွက်ရတော့မည့် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) သည် တနင်္ဂနွေနေ့က ဘူဒါပတ်စ်မြို့ရှိ Balna စင်တာတွင် ၎င်းအား ထောက်ခံသူ များကို စကားပြောကြားခဲ့စဉ်။ Attila Kisbenedek/AFP/Getty Images

အော်ဘန်နှင့် အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်တို့သည် ရွေးကောက်ပွဲ မတိုင်မီလေးတွင် ဟန်ဂေရီရှိ စင်မြင့်တစ်ခုပေါ်မှနေ၍ လက်ဝှေ့ယမ်းပြနေစဉ်။
Jonathan Ernst/Pool/Getty Images

ဟန်ဂေရီ လွှတ်တော်ရွေးကောက်ပွဲတွင် တစ္စပါတီ၏ အပြတ်အသတ် အနိုင်ရမှုကို ဘူဒါပတ်စ်မြို့တွင် လူအများ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြစဉ်။ Sean Gallup/Getty Image







