၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက်
တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။
ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ၎င်း၏နိုင်ငံကို မုန်တိုင်းဒဏ်မှ ကာကွယ်ရန် အစီအစဉ်တစ်ခုအပေါ် ယုံကြည်ကိုးစားနေသည် – ယင်းမှာ တရုတ်နိုင်ငံကို ကမ္ဘာ့ဦးဆောင်နည်းပညာ အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲရန် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးခြင်းပင် ဖြစ်သည်။
လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် ၎င်း၏ အင်အားတောင့်တင်းပြီးသား စက်မှုကဏ္ဍကို အဆင့်မြှင့်တင်ရန်၊ နည်းပညာ “ ကိုယ်ပိုင်ဖူလုံမှု” ကို အားကောင်းစေရန်နှင့် ဉာဏ်ရည်တု (AI)၊ စက်ရုပ်ပညာမှသည် အာကာသနှင့် ကွမ်တမ်ကွန်ပြူတာ နည်းပညာအထိ နိုင်ငံ၏ နည်းပညာဆိုင်ရာ အထွတ်အထိပ်ရောက်မှုကို အရှိန်မြှင့်ပေးမည့် ကဏ္ဍသစ်များကို ပျိုးထောင်ရန် ကြိုးပမ်းနေသည်။
“ တရုတ်နိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် နည်းပညာအတော်များများမှာ ဦးဆောင်ဖို့ ကြိုးစားလာတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို အမီလိုက်ဖို့ပဲ အမြဲတမ်း အာရုံစိုက်ခဲ့တာပါ” ဟု နိုင်ငံရေးအန္တရာယ်ဆိုင်ရာ အကြံပေးလုပ်ငန်း Eurasia Group ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒင်ဝမ်း(Dan Wang) က ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်၏ အနာဂတ်အတွက် လောင်းကြေးထပ်ထားသော အသေးစိတ်အချက်အလက် များကို ဘေဂျင်းရှိ တရုတ်လွှတ်တော်က တစ်ပတ်ကြာ နှစ်ပတ်လည်ညီလာခံအပြီး ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။ “ ငါးနှစ်စီမံကိန်း” ဟု လူသိများသည့် အဆိုပါ မူဝါဒစာတမ်းကို ရှီ၏ အတွင်းလူများက လပေါင်းများစွာ တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး လာမည့်ငါးနှစ်တာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြကြယ်အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
“ မူရင်းဆန်းသစ်တီထွင်မှုကို မြှင့်တင်ရာမှာ၊ အဓိကကျတဲ့ အမာခံနည်းပညာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ဗျူဟာမြောက် အချက်အချာနေရာကို အရယူရာမှာ အောင်မြင်မှုအသစ်တွေရအောင် ကြိုးပမ်းကြပါ” ဟု ရှီက ပြီးခဲ့သည့်အပတ်က စီမံကိန်းအသစ်အကြောင်း ဆွေးနွေးသည့် အစည်းအဝေးတစ်ခုတွင် ဒေသန္တရအရာရှိများကို ပြောကြားခဲ့သည်။
တရုတ်စီးပွားရေးသည် အိမ်ခြံမြေအကျပ်အတည်းနှင့် စားသုံးသူယုံကြည်မှုနည်းပါးခြင်း အပါအဝင် နက်ရှိုင်းသော ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ရှီသည် နည်းပညာကဏ္ဍကို အားကောင်းစေရန် အာရုံစိုက်နေပြီး လာမည့်ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ တိုးတက်မှုကို တွန်းအားပေးရန် ပေါ်ထွက်စနည်းပညာများပေါ်တွင် ကြိုတင်လောင်းကြေးထပ်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံသည် ကိန်းဂဏန်းများ စတင်သတ်မှတ်ကတည်းက အနိမ့်ဆုံး စီးပွားရေးတိုးတက်မှုရည်မှန်းချက်ကို ချမှတ်ခဲ့သည်။
“ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေနဲ့ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ အာရုံစိုက် ရပါမယ်… ကျွန်တော်တို့ရဲ့ အားသာချက်တွေကို ခိုင်မာအောင်နဲ့ ချဲ့ထွင်အောင်လုပ်ပြီး အဟန့်အတားနဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားကာ အားနည်းချက်တွေကို ဖြည့်ဆည်း ရပါမယ်” ဟု မူဝါဒစာတမ်းတွင် ဖော်ပြထားသည်။
ရှီသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကို ယခုလနှောင်းပိုင်းတွင် ဘေဂျင်း၌ လက်ခံတွေ့ဆုံရန် မျှော်လင့် ထားသော်လည်း ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးသည် လာမည့်ငါးနှစ် အတွင်း ပြိုင်ဆိုင်မှုအပေါ်တွင်သာ ဆက်လက်တည်ရှိနေမည်ဟု ပညာရှင်များက ဆိုသည်။
“ ပညာရေးကနေ စက်မှုလုပ်ငန်းအထိ ကဏ္ဍတိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ကျဆင်း သွားပါလိမ့်မယ်။ နှစ်ဖက်စလုံးက တစ်ဖက်အပေါ် မှီခိုနေရတာကို လျှော့ချချင်ကြတဲ့အတွက် ခွဲထွက်မှု (Decoupling) က နှစ်ဦးနှစ်ဖက်စလုံးက လုပ်နေတာပါ” ဟု Eurasia Group မှ Wang က ပြောကြားခဲ့ပြီး ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ရရှိလာသော ခေတ္တငြိမ်သက်မှု ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။
မရေရာသော ကမ္ဘာကြီးတွင် တရုတ်နိုင်ငံသည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့စီးပွားရေးအတွက် တည်ငြိမ်စေမည့် ကျောက်ဆူး” အဖြစ် အနေအထားယူနေကြောင်း ဘေဂျင်းအခြေစိုက် Center for China and Globalization သုတေသနအဖွဲ့ ဥက္ကဋ္ဌ ဟင်နရီ ဝေယောင် ဝမ်(Henry Huiyao Wang) က ပြောကြားခဲ့သည်။
“ ဒီနေ့ အမေရိကန် ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံဟာ အလွန်စနစ်တကျရှိတဲ့ နိုင်ငံဖြစ်ပြီး၊ ပြင်းထန်တဲ့ ရှင်သန်နိုင်စွမ်းနဲ့ ကြီးထွားမှုအဟုန်ရှိနေဆဲဖြစ်သလို၊ ငါးနှစ်စီမံကိန်းတွေက တစ်ဆင့် ရှင်းလင်းတဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်သွားနေတဲ့ နိုင်ငံ ဖြစ်ပါတယ်” ဟု တရုတ်အစိုးရအဖွဲ့၏ အကြံပေးဟောင်းဖြစ်သူ အဆိုပါလေ့လာသူက ဆိုသည်။
ရေရှည်ကစားပွဲ တရုတ်နိုင်ငံ၏ နိုင်ငံတော်ဦးဆောင်သော မော်ဒယ်သည် အမေရိကန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) အသုံးစရိတ် ကွာဟချက်ကို လျင်မြန်စွာ ကျဉ်းမြောင်းစေရန် ကူညီပေးနေသည်။
ဘေဂျင်းသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နှစ်ပတ်လည်ဘတ်ဂျက်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် ကတိပြုထားပြီး၊ ယင်းမှာ လွန်ခဲ့သည့် နှစ်နှစ်က တိုးတက်မှုနှုန်းနှင့် ကိုက်ညီသည်။ စီမံကိန်း တွင် နှစ်ပတ်လည် သုတေသနနှင့် ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုကို အနည်းဆုံး ၇ ရာခိုင်နှုန်း တိုးချဲ့ရန် ရည်မှန်းချက်ကိုလည်း ချမှတ်ထားသည်။
“ တရုတ်နိုင်ငံဟာ အခုအခါ ဉာဏ်ရည်တု၊ ဇီဝဆေးပညာ၊ စက်ရုပ်ပညာနဲ့ ကွမ်တမ်နည်းပညာ စတဲ့ နယ်ပယ်တွေမှာ သုတေသန၊ ဖွံ့ဖြိုးရေးနဲ့ အသုံးချမှုအပိုင်းမှာ ကမ္ဘာကို ဦးဆောင်နေပြီး ချစ်ပ်ပြား (Chip) တွေကို ကိုယ်ပိုင်သုတေသနနဲ့ ထုတ်လုပ်မှုမှာ အောင်မြင်မှုအသစ်တွေ ရရှိခဲ့ပါတယ်” ဟု ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည့် အစိုးရအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
စီမံကိန်းတွင် “ ဉာဏ်ရည်တု” (Artificial Intelligence) ဟူသော စကားလုံးကို အကြိမ်ပေါင်း ၅၀ ကျော် ဖော်ပြထားသည် – ယင်းသည် တရုတ်နိုင်ငံအနေဖြင့် အိုးပင်းဆော့စ်(open Source) ဘာသာ စကားမော်ဒယ်ကြီး (LLMs) များတွင် လွှမ်းမိုးထားပြီး စျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ရရှိထားသည့် ဦးဆောင်သူအဖြစ် သက်သေပြပြီးသား နယ်ပယ်တစ်ခုဖြစ်သည်။
Chatbots များအပြင် ဘေဂျင်း၏ ရည်မှန်းချက်များသည် AI စွမ်းအင်သုံး စက်ရုပ်များမှသည် စကားပြောရုံတင်မကဘဲ အလုပ်များကိုပါ ကိုင်တွယ်နိုင်သည့် “ Agentic AI” စနစ်များအထိ ကျယ်ပြန့်သည်။ စီမံကိန်းတွင် အဆင့်မြင့် AI ကွန်ပြူတာစွမ်းရည် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အလွန်ကြီးမားသော ကွန်ပြူတာစနစ်များကို တည်ဆောက်ရန်လည်း ကတိပြုထားသည်။
ဤလုပ်ဆောင်ချက်များမှတစ်ဆင့် တရုတ်နိုင်ငံ၏ AI နှင့် ဆက်စပ်သော စက်မှုလုပ်ငန်းတန်ဖိုးကို ၂၀၃၀ ခုနှစ်ကုန်တွင် ယွမ် ၁၀ ထရီလီယံ (ဒေါ်လာ ၁.၄၅ ထရီလီယံ) ထက်မနည်း ရှိလာစေရန် ရည်မှန်းထားကြောင်း အရာရှိများက ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
မဖြေရှင်းနိုင်သေးသော အတားအဆီးများ ကိုယ်ပိုင်ရပ်တည်နိုင်မှုအပေါ် ဘေဂျင်း၏ အားစိုက်ထုတ်မှုမှာ အနောက်တိုင်းနည်းပညာအပေါ် မှီခိုနေရမှုကို လျှော့ချရန် အရေးတကြီး လိုအပ်နေခြင်းကို မီးမောင်းထိုးပြနေသည်။ ပြည်တွင်းဖြစ်နည်းပညာများ တိုးတက်မှုကို အသားပေးဖော်ပြသော်လည်း စီမံကိန်းတွင် အဓိကကဏ္ဍများ၊ အထူးသဖြင့် အဆင့်မြင့် ချစ်ပ်ပြားများနိုင်ငံတွင်း ထုတ်လုပ်နိုင်ရန်အတွက် “ ပြတ်သားသော အောင်မြင်မှုများ” ရရှိရန် “ ထူးခြားသော အစီအမံများ” လိုအပ်ကြောင်း တောင်းဆိုထားသည်။
ထရန့် ပထမသက်တမ်းတွင် ချမှတ်ခဲ့ပြီး ဘိုင်ဒင်အစိုးရက ထပ်မံတင်းကျပ်ခဲ့သည့် ပို့ကုန်ထိန်းချုပ်မှုများသည် နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ကဏ္ဍနှင့် နောက်ဆုံးပေါ် AI မော်ဒယ်များ ထုတ်လုပ်မှု အပါအဝင် ယင်းကို အမှီပြုနေရသော စက်မှု လုပ်ငန်းများကို အကျပ်ရိုက်စေခဲ့သည်။
ဘေဂျင်းအခြေစိုက် Trivium China အကြံပေးလုပ်ငန်းမှ နည်းပညာမူဝါဒဆိုင်ရာ မိတ်ဖက်ဖြစ်သူ Kendra Schaefer က ဘေဂျင်းသည် AI ချစ်ပ်ပြားများတွင် “ အမေရိကန်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးကို ချက်ချင်းလိုအပ်သော ဗျူဟာမြောက် လိုအပ်ချက်” အဖြစ် ရှုမြင်နေသော်လည်း၊ လာမည့်ငါးနှစ်အတွင်း အမေရိကန်၏ ဦးဆောင်ကုမ္ပဏီ Nvidia မှ ချစ်ပ်ပြားများနှင့် တန်းတူထုတ်လုပ်နိုင်မည်ဟု “ စိတ်ကူးယဥ်မာနတက်နေခြင်း” မျိုးတော့ မရှိကြောင်း ပြောကြားခဲ့သည်။
ယင်းအစား ဘေဂျင်းသည် “ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်၏ အချို့သော အစိတ်အပိုင်းများ သို့မဟုတ် အပြည့်အဝ မရင့်ကျက်သေးသည့် အနာဂတ် တစ်ပိုင်းလျှပ်ကူး ပစ္စည်း နည်းပညာများ” ကို အာရုံစိုက်ပြီး ထိုနယ်ပယ်များတွင် အားသာချက်ရယူရန် ကြိုးပမ်းနေကြောင်း Schaefer က ဆိုသည်။
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဝေဖန်ချက်တစ်ခုတွင် ဘေဂျင်း၏ ရည်မှန်းချက်ကို ဖော်ပြခဲ့သည်။ “ နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာအတွက် တရုတ်ရဲ့ ရှာဖွေမှုဟာ ဒီနေ့ခေတ် အကျပ်အတည်းတွေထက် ကျော်လွန်ပါတယ်။ ဒါဟာ အမီလိုက်ရုံသက်သက် ကစားပွဲမဟုတ်ပါဘူးကျော်တက်သွားနိုင်ဖို့ပါ” ဟု ရေးသားခဲ့သည်။
သို့သော် ပြည်တွင်းကိုသာ အာရုံစိုက်ခြင်းသည် တရုတ်၏ စီးပွားရေးအခြေအနေမှန်ကိုလည်း ထင်ဟပ်နေသည်။ နိုင်ငံသည် တိုးတက်မှုကို တွန်းအားပေးရန် ကမ္ဘာ့စက်ရုံအဖြစ် ၎င်း၏ အခန်းကဏ္ဍနှင့် ပို့ကုန်အပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ မှီခိုခဲ့သော်လည်း ၎င်း၏ ပိုလျှံနေသော ကုန်သွယ်ရေးပမာဏသည် ကုန်သွယ်ဖက်နိုင်ငံများ၏ မကျေနပ်မှုကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်စီးပွားရေးသည် မကြာသေးမီနှစ်များအတွင်း ကြာရှည်နေပြီ ဖြစ်သော အိမ်ခြံမြေအကျပ်အတည်း၊ အားနည်းသော ပြည်တွင်းဝယ်လိုအားနှင့် စက်မှုကုန်ထုတ်စွမ်းအား လွန်ကဲမှုတို့ကြောင့် ငွေကျပ်မှု (Deflationary pressures) များ ရင်ဆိုင်ခဲ့ရသည်။
နယ်သာလန်အခြေစိုက် ING ဘဏ်၏ တရုတ်စီးပွားရေးဆိုင်ရာ အကြီးအကဲ လင်ဆောင်း (Lynn Song) က စီမံကိန်းတွင် ပြည်တွင်းကို အလေးထားခြင်းသည် တရုတ်၏ ကုန်သွယ်ရေး မမျှတမှုအပေါ် ကန့်ကွက်မှုများ မြင့်တက်လာခြင်းနှင့် ပြင်ပအန္တရာယ်များ မြင့်မားလာခြင်းကို ဘေဂျင်းက အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းကို “ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ တိုးတက်မှု အခြေခံအုတ်မြစ်တွေကို ပြင်ပပတ်ဝန်းကျင် ကောင်းမွန်နေမှာအပေါ် မှီခိုမနေဘဲ ပြည်တွင်းကနေ ထိန်းချုပ်နိုင်အောင် သေချာအောင် လုပ်ဆောင်နေခြင်းအဖြစ် မြင်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
—————————————————————————-

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ၊ ချင်းတောင်မြို့ရှိ လူသားပုံစံ စက်ရုပ်များ အတွက် ဒေတာကောက်ယူခြင်း လေ့ကျင့်ရေးကွင်းတွင် လူသားပုံစံ စက်ရုပ်တစ်ရုပ်သည် စင်ပေါ်ရှိ ပစ္စည်းများကို စီစဉ်ရန် သင်ယူနေစဉ်။ Costfoto/NurPhoto/Getty Images

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ဘေဂျင်းရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပိတ်ပွဲအခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်ရှိလာစဉ်။ Andres Martinez Casares/AFP/Getty Images

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဘေဂျင်းရှိ Baidu ရုံးချုပ်တွင် လူအများက ၎င်းတို့၏ လက်ပ်တော့များ၌ အိုးပင်းဆော့စ် (Open-source) AI လက်ထောက်ဖြစ်သော OpenClaw ကို ထည့်သွင်းရန် တန်းစီနေကြစဉ်။ Adek Berry/AFP/Getty Images

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံ၊ ပင်းကျိုးမြို့ရှိ Shandong NEM Semiconductor ကုမ္ပဏီတွင် စက်ရုပ်လက်တံတစ်ခုက တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ပြားများကို ထုပ်ပိုးနေစဉ်။ Guo Zhihua/VVCG/Getty Images







