နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်

ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊ တစ်ဖက်တွင်လည်း အလွန်မျှော်လင့်စောင့်စားနေကြသည့် နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ အမေရိကန်အပေါ် လိုက်လျောညီထွေဖြစ်စေမည့် လေသံမျိုး ပြောကြားခဲ့သည်။

“ ဒါဟာ ဘယ်တုန်းကမှ မဖြစ်ပွားသင့်ခဲ့တဲ့ စစ်ပွဲမျိုးဖြစ်ပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အာဏာပိုင် လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေး ဘေးပန်းတွင် ပြုလုပ်သည့် တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို “ ကမ္ဘာ့အရေးပါဆုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားမျှတရေး အင်အားစု” အဖြစ် ချီးမွမ်းပြောဆိုရင်း ဝမ်ယိက “ အခြေအနေတွေ ပိုမိုဆိုးရွားမလာစေဖို့နဲ့ စစ်မီးတွေ ကူးစက်ပျံ့နှံ့မှုကို ရှောင်ရှားနိုင်ဖို့” ချက်ချင်း အပစ်အခတ်ရပ်စဲရန် ပေကျင်း၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

“ သက်ဆိုင်သူအားလုံးဟာ ဆွေးနွေးပွဲစားပွဲဝိုင်းကို အမြန်ဆုံးပြန်လာသင့်ပြီး တန်းတူရည်တူ ဆွေးနွေးမှုတွေကတစ်ဆင့် သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းသင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အီရန်စစ်ပွဲအပေါ် တရုတ်၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်သည် တရုတ်ထိပ်တန်း ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) က ယခုလကုန်ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုအကြား အရေးကြီးသော ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို ပေကျင်း၌ လက်ခံတွေ့ဆုံရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ယင်းထိပ်သီးအစည်းအဝေးတွင် ကုန်သွယ်ရေး အငြင်းပွားမှုများမှသည် ထိုင်ဝမ်အရေးအထိ ကျယ်ပြန့်သော ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

မကြာမီကျင်းပမည့် ဆွေးနွေးပွဲများအတွက် ထပ်မံရှုပ်ထွေးစေမည့်အချက်မှာ ယခုအခါ အရှေ့အလယ်ပိုင်းတွင် လျင်မြန်စွာ အရှိန်မြင့်လာနေသည့် စစ်ပွဲပင်ဖြစ်သည်။

အီရန်ခေါင်းဆောင်များသည် ပေကျင်းနှင့် ကာလရှည်ကြာ ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။ အခြားနိုင်ငံများကဲ့သို့ပင် တရုတ်နိုင်ငံသည်လည်း အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ အသတ်ခံရမှုအပြင်၊ အရှိန်မြင့်လာသော ပဋိပက္ခကြောင့် ရေနံဈေးနှုန်းများ ထိုးတက်သွားခြင်း နှင့် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုများကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်ကျော်ကြာသည့်တိုင် စစ်ပွဲသည် လျော့ပါးသွားမည့် အရိပ်အယောင် မရှိသေးပေ။ ထရမ့်က သောကြာနေ့တွင် အီရန်အနေဖြင့် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” မှတစ်ပါး အခြားမည်သည့် သဘောတူညီ ချက် မျှ ရှိလာမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း သတ်သတ်မှတ်မှတ် တောင်းဆို ချက်များကိုမူ အသေးစိတ် ပြောကြားခြင်းမရှိပေ။

ပေကျင်းသည် စစ်ပွဲသစ်များ၊ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးခြင်းနှင့် ၎င်း၏ မဟာမိတ်ဟောင်းများနှင့် တရုတ်နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲခြင်းတို့ကြောင့် ကမ္ဘာကြီးကို မရေရာမှုများ ဖြစ်ပေါ်စေသည့် အမေရိကန် နှင့် ဆန့်ကျင်ဘက်ဖြစ်အောင်၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချရပြီး တာဝန်ယူမှု ရှိသော အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်ရန် ဤအခွင့်အရေးကို အရယူခဲ့သည်။

ပေကျင်းသည် “ မငြိမ်မသက်ဖြစ်နေသော ကမ္ဘာကြီးအတွက် တန်ဖိုးအရှိဆုံး တည်ငြိမ်မှုနှင့် သေချာမှုရှိသော အရင်းအမြစ်ကို ပေးစွမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ရှုပ်ထွေးမှုများအကြား အစားထိုး၍ မရသော ကျောက်ဆူးတစ်ခု ဖြစ်လာခဲ့သည်” ဟု ဝမ်ယိက တနင်္ဂနွေနေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် ဝမ်ယိက ရှီနှင့် ထရမ့်တို့အကြား လာမည့် ထိပ်သီးအစည်း အဝေးကို ကြိုဆိုကြောင်း အရိပ်အယောင်ပြသခဲ့ပြီး၊ အဓိက သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ဝါရှင်တန်နှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် တောင်းဆိုခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် မငြိမ်မသက်မှုများရှိနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေး အလုံးစုံတည်ငြိမ်မှုရရှိစေရန် ကူညီရာတွင် စံနမူနာပြခဲ့သည်ဟု ၎င်းက ဆိုသည်။

“ အခု လိုအပ်နေတာကတော့ နှစ်ဖက်စလုံးက သေချာပြင်ဆင်မှုတွေလုပ်ဖို့၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ဖို့၊ ရှိနေတဲ့ သဘောထားကွဲလွဲမှုတွေကို စီမံခန့်ခွဲဖို့နဲ့ မလိုအပ်တဲ့ နှောင့်ယှက်မှုတွေကို ဖယ်ရှားပစ်ဖို့ပါပဲ” ဟု CNN သတင်းထောက် စတီဗင်ဂျိန်း (Steven Jiang) ၏ မေးမြန်းမှုကို ဝမ်ယိက ဖြေကြားခဲ့သည်။

“ တရုတ်နဲ့ အမေရိကန်ဟာ အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့အတွက် တစ်နိုင်ငံက နောက်တစ်နိုင်ငံကို ပြောင်းလဲပစ်လို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အပြန်အလှန် ဆက်ဆံတဲ့ပုံစံကိုတော့ ပြောင်းလဲနိုင်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုကာ အမေရိကန်အနေဖြင့်လည်း လမ်းကြောင်းမှန်ပေါ်သို့ အတူတကွ လျှောက်လှမ်းရန် တိုက်တွန်းခဲ့သည်။

ယုံကြည်မှုအပြည့်ရှိသော တရုတ်နိုင်ငံ

လွန်ခဲ့သည့်နှစ် အလားတူနေရာ၌ပင်—အစိုးရသစ်လက်ထက် ထရမ့်က တရုတ်အပေါ် ပထမဆုံး အကောက်ခွန်စစ်ပွဲ စတင်ခဲ့ပြီး မကြာမီတွင်—ဝမ်ယိက အမေရိကန်အား တရုတ်နှင့် ဆက်ဆံရေးတွင် “ မျက်နှာနှစ်ဖက်မူဝါဒ” မကျင့်သုံးရန် သတိပေးခဲ့ပြီး ပေကျင်း အနေဖြင့် “ အနိုင်ကျင့်ဗိုလ်ကျသည့် နိုင်ငံရေးနှင့် အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်” ဟု အလေးအနက် ပြောကြားခဲ့သည်။

ယမန်နှစ်က သတင်းစကားသည် မရေရာမှုများအကြား သတိပေးချက်ဖြစ်ခဲ့လျှင်၊ ယခုနှစ် သတင်းစကားမှာ ယုံကြည်မှုအပြည့်ရှိနေခြင်းဖြစ်သည်။ အမေရိကန်သမ္မတကြောင့် ကမ္ဘာတစ်ဝန်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်၌၊ တရုတ်နိုင်ငံသည် ထရမ့်၏ အကောက်ခွန် တိုက်ခိုက်မှုများကို အကြီးအကျယ် ခံနိုင်ရည်ရှိခဲ့ပြီး ၎င်း၏ တင်းမာသော ဗျူဟာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ကာ ကမ္ဘာ့အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) မှသည် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) တို့အထိ အစဉ်အလာအရ အမေရိကန်၏ ရင်းနှီးသော မဟာမိတ်များစွာသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြပြီး၊ ၎င်းမှာ ပေကျင်း၏ စည်းရုံးနိုင်မှု အောင်မြင်ခြင်းပင်ဖြစ်သည်။ ဝမ်ယိကလည်း ယင်းတိုးတက်မှုကို အသိအမှတ်ပြု ပြောကြားခဲ့သည်။

“ ဥရောပမှာရှိတဲ့ ထိုးထွင်းသိမြင်မှုရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တရုတ်ကို ပြိုင်ဘက်အဖြစ် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖြစ် ပိုမိုအသိအမှတ်ပြုလာကြတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ၎င်းက ဆိုကာ အုပ်စုနှစ်ခုအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်ရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂ၏ အစားထိုးအဖြစ် ထရမ့်က တည်ထောင်ရန် ကြိုးပမ်းနေသည့် “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ကိုလည်း တုံ့ပြန်ပုံရပြီး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) ကို ထောက်ခံအားပေးကာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။

“ ကုလသမဂ္ဂကို ကျော်လွန်ပြီး အသစ်ပြန်စဖို့ ကြိုးစားတာ၊ သီးခြားစနစ်တစ်ခုကို လုပ်ဆောင် တာ ဒါမှမဟုတ် အုပ်စုငယ်လေးတွေနဲ့ သီးသန့်ဝိုင်းဝန်းမှုတွေ ဖန်တီးတာဟာ ထောက်ခံမှု မရရှိနိုင်သလို ရေရှည်လည်း မတည်တံ့နိုင်ပါဘူး” ဟု ဝမ်ယိက ပြောကြားခဲ့သည်။

သို့သော်လည်း ဝမ်ယိ၏ သတင်းစာရှင်းလင်းပွဲတွင် အင်ဒို-ပစိဖိတ် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်၌ အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို စိုးရိမ်ထိတ်လန့်စေသည့် ကိစ္စရပ်အများအပြားကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ၎င်း၏ ပို့ကုန်များကို အလုံးအရင်းနှင့် တင်ပို့နေပြီး၊ ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်ကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေနိုင်သည့် ရှားပါးမြေဒြပ်စင် (Rare Earths) ထုတ်လုပ်မှုတွင် ၎င်း၏ လွှမ်းမိုးမှုကို လက်နက်သဖွယ် အသုံးချနေသည်။

ထို့အပြင် ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများကို တိုးမြှင့်ခဲ့သလို ဖိလစ်ပိုင်၊ ဂျပန်တို့နှင့်လည်း ရေတပ်ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေခဲ့သည်။

ဝမ်ယိသည် ရုရှားနှင့် ငါးနှစ်မြောက် စစ်ပွဲအတွင်းရှိနေသည့် ယူကရိန်းအကြောင်းကိုလည်း ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ဘဲ၊ ရုရှားနှင့် တရုတ်၏ ဆက်ဆံရေးမှာ “ လေမုန်တိုင်း ဒဏ်ကြောင့် မတုန်လှုပ်ဘဲ တောင်ကြီးတစ်လုံးလို တည်ငြိမ်နေသည်” ဟုသာ အလေးပေး ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးအရင်းနှင့် ကျူးကျော်ခဲ့ပြီးကတည်းက ပေကျင်း သည် ရုရှားကို ဝေဖန်ရန် ငြင်းဆိုခဲ့ပြီး၊ ရုရှား၏ အဓိကမိတ်ဖက်အဖြစ် ရပ်တည်ကာ စီးပွားရေး နှင့် သံတမန်ရေးအရ အရေးပါသော အသက်သွေးကြောအဖြစ် ဆောင်ရွက် ပေးခဲ့သည်။

“ တရုတ်နဲ့ ရုရှားဟာ အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ယုံကြည်မှု ရှိကြပါတယ်။ တစ်ဦးနဲ့တစ်ဦး နောက်ကျောပေးပြီး ရပ်တည်ကြတာဟာ တရုတ်-ရုရှား ဆက်ဆံရေးရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ဘယ်လိုပြင်ပက ရန်စမှု ဒါမှမဟုတ် ဖိအားတွေကိုမှ ကြောက်ရွံ့မှာ မဟုတ်ပါဘူး” ဟု ဝမ်ယိက ပြောကြားခဲ့သည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ပေကျင်းမြို့၌ ကျင်းပသည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေး၏ ဘေးပန်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေစဉ်။ (ဓာတ်ပုံ – Maxim Shemetov/Reuters)

(ဓာတ်ပုံစာ – ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က ပေကျင်းသို့ သွားရောက်လည်ပတ်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံတွေ့ဆုံပွဲ မတိုင်မီ လက်ဆွဲနှုတ်ဆက်နေစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 21 Views
CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက် လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ စစ်ပွဲကို ဝေဖန်ခဲ့သည့် ထရမ့်ခန့်အပ်ထားသူ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပထမဆုံးသော နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 109 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်