CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်
တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း “ ပုဂ္ဂိုလ်ရေး ဦးတည်သည့် ရန်လိုမှုများ” မှာ အန္တရာယ်ရှိပြီး ရပ်တန့်ရမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပရိသတ်တစ်ဦးကို ပြောကြားခဲ့သည်။
ရောဘတ်စ်သည် သမ္မတ ဒေါ်နယ်ထရန့်၏ အမည်ကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ၎င်းအမြဲလုပ်ဆောင်လေ့ရှိသည့်အတိုင်း ယခုတိုက်ခိုက်မှုများသည် “ နိုင်ငံရေးအမြင် တစ်ခုတည်းက လာသည်မဟုတ်” ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သည်။ သို့သော် တရားသူကြီးချုပ်၏ ဤဆုံးမစကားမှာ ထရန့်၏ အကြီးအကျယ် အခွန်တိုးမြှင့်မှုကို ကန့်ကွက် ခဲ့သည့် တရားသူကြီးများသည် “ သူတို့ရဲ့ မိသားစုတွေအတွက် အရှက်ရစရာတွေပဲ” ဟု ထရန့်က ပြောဆိုခဲ့ပြီး ပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ တစ်ခါတလေ ပြဿနာက ဝေဖန်မှုတွေဟာ ဥပဒေကြောင်းအရ ခွဲခြမ်းစိတ်ဖြာတာထက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေဘက်ကို ရောက်သွားတတ်တာပါပဲ” ဟု ဟူစတန်ရှိ ရိုက်စ်တက္ကသိုလ် (Rice University) တွင် စုဝေးနေသော ပရိသတ်ကို ရောဘတ်စ်က ပြောကြားခဲ့သည်။ “ တစ်နိုင်ငံလုံးမှာရှိတဲ့ တရားသူကြီးတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အပြင်းအထန် ကြိုးစားနေကြတာပါ။ အကယ်၍ သူတို့ မှားယွင်းခဲ့ရင်လည်း သူတို့ရဲ့ ထင်မြင်ချက်တွေဟာ ဝေဖန်မှုနဲ့ ရင်ဆိုင်ရမှာပါပဲ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး ဦးတည်တဲ့ ရန်လိုမှုတွေ ကတော့ အန္တရာယ်ရှိပြီး အဲဒါတွေ ရပ်တန့်ဖို့ လိုအပ်ပါပြီ။”
ပြီးခဲ့သည့် အပတ်ကုန်က ထရန့်သည် ဖေဖော်ဝါရီလအတွင်း ၎င်း၏ အရေးပေါ်အခွန်တိုးမြှင့်မှု အစီအစဉ်ကို ပိတ်ပင်ခဲ့သည့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ရှုတ်ချသည့် စာသား အရှည်ကြီး တစ်ခုကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို ရောဘတ်စ်က ရေးသားခဲ့ခြင်းဖြစ်ပြီး ထရန့်ကိုယ်တိုင် ခန့်အပ်ခဲ့သည့် တရားသူကြီးနှစ်ဦးဖြစ်သော နေးလ် ဂေါ့ဆက်ချ် (Neil Gorsuch) နှင့် အေမီ ကိုနီ ဘားရတ် (Amy Coney Barrett) တို့လည်း အများစုဆန္ဒတွင် ပါဝင်ခဲ့သည်။
“ သူတို့ဟာ သူတို့ကို ဒီနိုင်ငံရဲ့ အမြင့်ဆုံး ရာထူးနေရာအတွက် အမည်စာရင်းတင်သွင်းခဲ့တဲ့ သမ္မတတွေကို ဗြောင်ကျကျ မလေးမစား လုပ်နေကြတာပါ” ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။ “ ဒီလို လုံးဝ အရည်အချင်းမရှိတဲ့၊ အရှက်ရစရာကောင်းတဲ့ တရားရုံးဟာ ကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ တည်ထောင်သူဘိုးဘေးတွေ မျှော်လင့်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် မဟုတ်ပါဘူး။”
ရောဘတ်စ်သည် ထရန့်နှင့် ပတ်သက်၍ အထူးသတိထား ကိုင်တွယ်လေ့ရှိသူ ဖြစ်သည်။ ဒုတိယသက်တမ်း အစောပိုင်းတွင် သမ္မတနှင့် အိမ်ဖြူတော်က ၎င်းကို ဆန့်ကျင်သော အောက်ခြေတရားရုံး တရားသူကြီးများကို ရာထူးမှ ထုတ်ပယ်ရန် (Impeachment) လှုပ်ရှားမှုများ ပြုလုပ်ခဲ့စဉ်ကပင် ရောဘတ်စ်သည် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ လွန်ခဲ့သော တစ်နှစ်ခန့်ကမူ တရားသူကြီးချုပ်သည် သမ္မတ၏ ပြင်းထန်လာသော လေသံကို ရည်ရွယ်၍ တိုတောင်းသော ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ဖူးသည်။
“ ရာစုနှစ် နှစ်ခုကျော်တိုင်အောင် တရားစီရင်ရေး ဆုံးဖြတ်ချက်အပေါ် သဘောမတူတာဟာ ရာထူးက ထုတ်ပယ်ဖို့အတွက် သင့်လျော်တဲ့ တုံ့ပြန်မှုမဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာ တည်ရှိ ခဲ့ပြီးသားပါ။ အဲဒီအတွက် ပုံမှန် အယူခံဝင်တဲ့ လုပ်ငန်းစဉ်တွေ ရှိပြီးသားပါ” ဟု ရောဘတ်စ် က တရားလွှတ်တော်ချုပ်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့ ဆွေးနွေးပွဲတွင် ရောဘတ်စ်သည် အသိအမှတ်ပြုခံရမှု နည်းပါးခဲ့သည့် ယခင် တရားသူကြီးချုပ်များအကြောင်း မေးမြန်းခြင်း ခံခဲ့ရသည်။ သူက သမ္မတဟောင်းလည်း ဖြစ်သူ ဝီလျံ ဟောင်းဝပ် တပ်ဖ် (William Howard Taft) နှင့် သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ (FDR) က တရားလွှတ်တော်ချုပ်တွင် တရားသူကြီးအင်အား တိုးချဲ့ရန် ကြိုးပမ်းစဉ်က တရားသူကြီးချုပ်ဖြစ်ခဲ့သူ ချားလ်စ် အီဗန် ဟူးစ် (Charles Evans Hughes) တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။
ဟူးစ်သည် ထိုစဉ်က အထက်လွှတ်တော် တရားစီရင်ရေးကော်မတီထံ စာရေးသားကာ ရုစဗဲ့၏ အစီအစဉ်ကို ကန့်ကွက်ခဲ့သော်လည်း၊ ရောဘတ်စ်က ဟူးစ်၏ ချဉ်းကပ်ပုံမှာ အချို့သူများ လိုလားသည်ထက် ပိုမိုသိမ်မွေ့ခဲ့ကြောင်း ထောက်ပြခဲ့သည်။ သမိုင်းကို အမြဲစောင့်ကြည့်လေ့ရှိသူ ရောဘတ်စ်က ပြောကြားရာတွင် လူအများစုက ဟူးစ်ကို “ ရေဒီယိုကနေတစ်ဆင့်” လူသိရှင်ကြား တိုက်ခိုက်စေလိုခဲ့ကြကြောင်း ဆိုသည်။
သို့သော် ဟူးစ်သည် မတူညီသော ချဉ်းကပ်ပုံကို ကျင့်သုံးရန် “ လုံလောက်သော အမြော်အမြင် (Savvy)” ရှိခဲ့သည်ဟု ရောဘတ်စ်က ဆိုသည်။
“ သူဟာ လူသိရှင်ကြား တိုက်ခိုက်မယ့်အစား ကန့်လန့်ကာနောက်ကွယ်ကနေ ဆောင်ရွက်ခဲ့ပြီး၊ ဒီအစီအစဉ်ဟာ တရားရုံးရဲ့ အခန်းကဏ္ဍကို ဘယ်လိုထိခိုက်စေမလဲဆိုတာ လူတွေကို ရှင်းပြခဲ့ပါတယ်” ဟု ရောဘတ်စ်က ပြောကြားခဲ့သည်။ “ အကယ်၍ ဟူးစ်သာ အခြား နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် အကျိုးရလဒ်ဟာ ဒီလောက် ကောင်းမွန်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။”
တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် အခုလို သတိပေးစကား ပြောကြားလာရတဲ့အကြောင်းရင်း ကတော့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယသက်တမ်းအတွင်း တရားစီရင်ရေးကဏ္ဍနဲ့ အုပ်ချုပ်ရေး ကဏ္ဍကြားမှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေလို့ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေတဲ့ ရန်လိုမှုတွေကို အချက်အလက်နဲ့ ခွဲခြားပြီး အောက်ပါအတိုင်း ရှင်းပြလိုက်သည်။-
၁။ တရားသူကြီးများကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း
သမ္မတ ထရန့်သည်သူ၏ မူဝါဒတွေကို ကန့်ကွက်သည့် တရားသူကြီးများအား ဥပဒေကြောင်း အရ ဝေဖန်ရုံတင်မက “ ပုဂ္ဂိုလ်ရေးအရ” ပြင်းပြင်းထန်ထန် ပုတ်ခတ်မှုတွေ လုပ်ဆောင် နေခဲ့ သည်။
ဥပမာအားဖြင့် – အခွန်တိုးမြှင့်မှု (Tariffs) ကို ကန့်ကွက်သည့် တရားသူကြီးများကို “ သူတို့မိသားစုတွေအတွက် အရှက်ရစရာ” ဟု လူသိရှင်ကြား ပြောဆိုတိုက်ခိုက်ခဲ့သည်။
ထို့ပြင် တရားရုံးကို “ အရည်အချင်းမရှိတဲ့၊ အရှက်ရစရာကောင်းတဲ့ တရားရုံး” လို့လည်း သမုတ်ခဲ့သည်။
၂။ တရားသူကြီးများကို ရာထူးမှ ထုတ်ပယ်ရန် ကြိုးပမ်းခြင်း (Impeachment)
ထရန့်အစိုးရသည် ၎င်းတို့၏ အမိန့်များကို ပယ်ချသည့် အောက်ခြေတရားရုံး တရားသူကြီးများ ကို ရာထူးမှ ဖယ်ရှားဖို့ (Impeachment) လှုပ်ရှားမှုများကို ပြုလုပ်သည်။ ထိုလုပ်ဆောင်မှုသည် တရားစီရင်ရေး၏လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်သည်ဟု ဝေဖန်ခံနေရသည်။
၃။ နိုင်ငံရေးအရ ဖိအားပေးခြင်း
ထရန့်သည် သူခန့်အပ်ခဲ့သည့် တရားသူကြီးများ (ဥပမာ – နီးလ် ဂေါရပ်ချ်(Neil Gorsuch) နဲ့ အေမီ ကော်နေး ဘားရက်(Amy Coney Barrett)တို့သည့် သူ့ကို သစ္စာရှိရမယ်လို့ ယူဆထား ပုံရသည်။ ထိုတရားသူကြီးများက ထရန့်နှင့်သဘောထားကွဲလွဲသည့် ဆုံးဖြတ်ချက်တွေ ချမှတ် တဲ့အခါမှာ “ သူတို့ကို ခန့်အပ်ခဲ့တဲ့ သမ္မတကို မလေးမစား လုပ်သူတွေ” လို့ စွပ်စွဲခဲ့ပြီး နိုင်ငံရေး အရ အကြပ်ကိုင်မှုတွေ လုပ်ဆောင်နေခဲ့သည်။
၄။ တရားရုံးရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခြင်း
သမ္မတသည် တရားရုံး၏ဆုံးဖြတ်ချက်များကို လိုက်နာမည့်အစား တရားရုံးကိုယ်နှိုက်က အမေရိကန် တည်ထောင်သူဘိုးဘေးတွေရဲ့ ရည်ရွယ်ချက်နဲ့ လွဲချော်နေပြီဟု ပြောဆိုခြင်းအားဖြင့် ပြည်သူတွေကို တရားစီရင်ရေးအပေါ် ယုံကြည်မှု ပျက်ပြားအောင် လုပ်ဆောင်နေတာမျိုးတွေ ရှိနေပါသည်။
အနှစ်ချုပ်အားဖြင့် – တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် စိုးရိမ်နေသည်မှာ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကြောင့် တရားသူကြီးတွေဟာ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ဆုံးဖြတ်ချက် ချဖို့ ခက်ခဲလာခြင်းနဲ့၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် (Rule of Law) ပျက်စီးသွားမှာကို ဖြစ်ပါတယ်။
တရားသူကြီးချုပ် ရောဘတ်စ်က “ ဝေဖန်တာက ပြဿနာမရှိဘူး၊ ဒါပေမဲ့ ရန်လိုတိုက်ခိုက်တာကတော့ အန္တရာယ်ရှိတယ်” ဟုအဓိက ဆိုလိုချင်ခြင်း ဖြစ်သည်။








