နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

၎င်း၏ အထူးအမှတ်အသားဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုများကို တရားရုံး ချုပ်က ပယ်ချလိုက်ပြီးနောက် မကြာမီတွင် ယခုမိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အီရန်အပေါ် ဒုတိယအကြိမ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ရန် စဉ်းစားနေချိန်နှင့် ၎င်း၏ နိုင်ငံရေးကံကြမ္မာမှာ သက်တမ်းနှစ်ခုစလုံးတွင် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပုံရချိန် တွင် ယခုမိန့်ခွန်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရန့်၏ မိန့်ခွန်းမှာ ၁ နာရီနှင့် ၄၇ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က လွှတ်တော်တွင် သူကိုယ်တိုင် တင်ထားသည့် စံချိန်ဟောင်းကို ကျော်လွန်ကာ အရှည်ဆုံးမိန့်ခွန်းအဖြစ် စံချိန်သစ် တင်ခဲ့သည်။

ယခုမိန့်ခွန်းမှ မှတ်သားဖွယ်ရာ အချက် ၆ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လူဝင်မှုကြီးကြပ်ရေးကိစ္စဖြင့် ဒီမိုကရက်များကို ထရန့် ရန်စခြင်း

ထရန့်သည် မကြာသေးမီလများအတွင်း ကျဆင်းနေသော ၎င်း၏နိုင်ငံရေး အရှိန်အဝါကို ပြန်လည်ဆယ်တင်ရန် ရုန်းကန်နေရသည်။ သို့သော် အင်္ဂါနေ့ညတွင် ၂၀၂၆ ရွေးကောက်ပွဲ အတွက် လမ်းခင်းရန် ကြိုးပမ်းသည့်အခါ ၎င်းအမြဲသုံးနေကျ လက်နက်ဟောင်းဖြစ်သော ‘လူဝင်မှုကြီးကြပ်ရေး’ ဘက်သို့ ပြန်လှည့်လာခဲ့သည်။

တရားမဝင်ဝင်ရောက်လာသူများ၏ ရန်ပြုခြင်းခံရသည့် ကလေးငယ်များ၏ မိခင်များ (Angel Moms) ကို ရည်ညွှန်းပြသပြီးနောက်၊ ဒီမိုကရက်များကို မဲပေးခြင်းသည် အမေရိကန်၏ နယ်စပ်များကို ပြန်လည်ဖွင့်ပေးရန် မဲပေးခြင်းသာဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

“ ကျွန်တော် ဒီကိစ္စမှာ မပါဝင်ခင်က နယ်စပ်ကျူးကျော်မှုကို ဒီအခန်းထဲက လူအများအပြားက ခွင့်ပြုခဲ့ရုံတင်မကဘူး၊ အခွင့်အရေးသာရရင် သူတို့ ဒါကို ထပ်လုပ်ကြဦးမှာပါဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မေ့လို့မရဘူး” ဟု ၎င်းက ဆိုသည်။

ထို့နောက် ထရန့်သည် ၎င်းအကြိုက်ဆုံး အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည် – ယင်းမှာ ဒီမိုကရက်များ လက်ခုပ်တီးမတီး ဆုံးဖြတ်ရန် စိန်ခေါ်ခြင်းပင်ဖြစ်သည်။

“ အမေရိကန်အစိုးရရဲ့ ပထမဆုံးတာဝန်ဟာ တရားမဝင် နိုင်ငံခြားသားတွေကို ကာကွယ်ဖို့ မဟုတ်ဘဲ အမေရိကန် နိုင်ငံသားတွေကို ကာကွယ်ဖို့ပဲ ဖြစ်တယ်” ဆိုသည့် အဆိုအမိန့်ကို သဘောတူပါက မတ်တပ်ရပ်ပြီး ထောက်ခံမှုပြရန် လွှတ်တော်အမတ်များကို တိုက်တွန်းခဲ့ သည်။

ဒီမိုကရက်များမှာမူ ထိုင်မြဲအတိုင်းသာ နေခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ ရီပတ်ဘလီကန်များသည် ကွဲပြားမှုကို သိသာစေရန် အချိန်အတော် ကြာ မတ်တပ်ရပ်ကာ လက်ခုပ်တီးခဲ့ကြသည်။ နောက်ဆုံးတွင် ထရန့်က မိန့်ခွန်းပြန်စပြီး “ မင်းတို့ မတ်တပ်မရပ်တာ ရှက်သင့်တယ်” ဟု ဒီမိုကရက်များကို ပြောခဲ့သည်။ ဒီမိုကရက်တစ်ခေါင်းဆောင်များက လွှတ်တော်အတွင်း အော်ဟစ်နှောင့်ယှက်ခြင်းမပြုရန် သတိပေးထားသော်လည်း မီချီဂန်ပြည်နယ်မှ ရပ်ရှီဒါ တလက်ဘ် (Rashida Tlaib) နှင့် မင်နီဆိုတာပြည်နယ်မှ အီလ်ဟန် အိုမာ (Ilhan Omar) တို့က ထရန့်ကို ပြန်လည်အော်ဟစ် ခဲ့ကြသည်။

ထရန့်သည် ရွေးကောက်ပွဲနှစ်များတွင် လူဝင်မှုကြီးကြပ်ရေးကိစ္စကို အမြဲအသုံးချလေ့ရှိသည်။ သို့သော် ယခုအခါ မင်နီယာပိုလစ်နှင့် အခြားနေရာများတွင် ဖက်ဒရယ်အရာရှိများ၏ ပြင်းထန် လွန်းသော အရေးယူမှုများကြောင့် အမေရိကန်ပြည်သူအများစုက ၎င်းကို အားမပေးလို ဖြစ်နေကြသဖြင့် ယခင်ကလောက် အင်အားမကောင်းတော့ပေ။ သို့သော်လည်း လူဝင်မှု ကြီးကြပ်ရေးကိစ္စတွင် အမေရိကန်လူထုက ဒီမိုကရက်တစ်ပါတီထက် ရီပတ်ဘလီကန်ပါတီ ကို ပိုမိုလိုလား နေဆဲဖြစ်ကြောင်း လူထုစစ်တမ်းများက ဖော်ပြနေသည်။

၂။ အခွန်စည်းကြပ်မှု (Tariffs) နှင့်ပတ်သက်သည့် အဓိကအချက်များ

၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပယ်ချခဲ့သည့် အမေရိကန်တရားရုံးချုပ် အပေါ် ပြီးခဲ့သည့်သောကြာနေ့ကကဲ့သို့ ဒေါသတကြီး ဝေဖန်တိုက်ခိုက်ခြင်းမျိုး ထရန့် မလုပ်ခဲ့ပေ။ ယင်းအစား ၎င်းတွင် အခြားသော အခွန်စည်းကြပ်ခွင့် အာဏာပိုင်အဖွဲ့အစည်း များ နှင့် အခွင့်အရေးများ ရှိနေသေးသည်ဟုသာ အာရုံစိုက်ပြောကြားခဲ့သည် (ယင်းမှာ အငြင်းပွားဖွယ်ရာ အလွန်ကောင်းသည့် အချက်ဖြစ်သည်)။

သို့သော်လည်း အခွန်ကိစ္စနှင့်ပတ်သက်၍ သတင်းထူးအချို့ကိုမူ ပြောကြားသွားခဲ့သည်။

ပထမအချက်မှာ ၎င်း၏ အခွန်စည်းကြပ်မှုများကို ဥပဒေအဖြစ် ပြဋ္ဌာန်းရန် လွှတ်တော်က အားထုတ်နေစရာမလိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ “ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ မလိုအပ်ပါဘူး” ဟု ထရန့်က ဆိုသည်။

အခွန်စည်းကြပ်မှုများအပေါ် ရီပတ်ဘလီကန်အများအပြားပင် စိတ်မသက်မသာ ဖြစ်နေကြ သည်မှာ သိသာထင်ရှားပြီး လွှတ်တော်ကလည်း မည်သည့်ဥပဒေကိုမျှ အတည်ပြုနိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။ သို့သော် ၎င်း၏ အခွန်စည်းကြပ်ခွင့်မှာ မရေမရာဖြစ်နေချိန်တွင် ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေမည့်အရာကို လွှတ်တော်သို့ မတောင်းဆိုခြင်းမှာ ထူးခြား လှသည်။ (ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွန်စည်းကြပ်ခွင့်မှာ လွှတ်တော်တွင်သာ ရှိသည်)။

ယင်းက ထရန့်သည် “ အမေရိကန်အစိုးရအနေဖြင့် ဥပဒေပြုခြင်းလုပ်ငန်းစဉ်များကို ပိုမို လုပ်ဆောင်ရန်” တရားသူကြီး နေးလ် ဂေါ့ဆက်ချ် (Neil Gorsuch) ၏ တိုက်တွန်းချက်ကို ဂရုမစိုက်ကြောင်း ပြသနေသည်။

သမ္မတသည် ကြီးမားသော ဟောကိန်းတစ်ခုကိုလည်း ထုတ်ခဲ့သည်။ “ နိုင်ငံခြားတိုင်းပြည် တွေက ပေးဆောင်ရမယ့် အခွန်တွေဟာ အတိတ်ကလိုပဲ လက်ရှိဝင်ငွေခွန်စနစ်ကို အကြီးအကျယ် အစားထိုးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါဟာ ကျွန်တော်ချစ်တဲ့ ပြည်သူတွေအပေါ်က ငွေကြေးဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားပေးပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အမှန်စင်စစ် အမေရိကန်သမိုင်းဦးပိုင်းတွင် အခွန်စည်းကြပ်မှုများသည် အဓိကအခွန်ပုံစံ ဖြစ်ခဲ့ဖူးသည်။ သို့သော် ထရန့်အနေဖြင့် ယင်းကိစ္စ လက်တွေ့ဖြစ်လာရန် မျှော်လင့်ချက် သိပ်မထားသင့်ပေ။

၃။ အီရန်ကို တိုက်ခိုက်နိုင်ခြေအတွက် ရှားရှားပါးပါး အကြောင်းပြချက်ပေးခြင်း

အရေးကြီးဆုံး မေးခွန်းတစ်ခုမှာ အီရန်နှင့်ပတ်သက်၍ ထရန့် ဘာလုပ်မလဲဆိုသည်ပင် ဖြစ်သည်။ အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့ပြီး ၈ လအကြာတွင် အီရန်ခေါင်းဆောင်များက သဘောတူညီချက် မရယူပါက ထပ်မံတိုက်ခိုက်ရန် သမ္မတက စဉ်းစားထားသည်။

သို့သော်လည်း စစ်ပွဲအတွက် ခိုင်လုံသော သို့မဟုတ် တိကျသော အကြောင်းပြချက်ကိုမူ ထရန့် မပေးနိုင်ခဲ့ပေ။ အင်္ဂါနေ့တွင် ၎င်းက ကြိုးစားပြောဆိုခဲ့ရာတွင် အကြောင်းပြချက် မျိုးစုံကို ရောထွေးပြောဆိုခဲ့သည်။

အီရန်နှင့် ၎င်း၏ လက်ဝေခံများသည် လမ်းဘေးဗုံးများဖြင့် “ အမေရိကန် စစ်သည်ထောင် ပေါင်း များစွာကို သတ်ဖြတ်ခြင်းနှင့် ဒဏ်ရာရစေခြင်း” တို့ လုပ်ဆောင်ခဲ့သည်ဟု ထရန့်က စွပ်စွဲခဲ့သည်။ ထို့ပြင် အီရန်အစိုးရသည် “ ဆန္ဒပြသူ ၃၂,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပုံရသည်” ဟုလည်း ပြောကြားခဲ့သည်။

သို့သော် အထူးခြားဆုံးမှာ အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုအကြောင်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၈ လခန့်က အီရန်၏ နျူကလီးယားအစီအစဉ်ကို “ အမြစ်ပြတ်ချေမှုန်းခဲ့သည်” ဟု ၎င်းကိုယ်တိုင် ပြောခဲ့ဖူးသည့်အချက်နှင့် အီရန်ကို ထပ်မံတိုက်ခိုက်ရန် လိုအပ်နေသည့်အချက်ကို တစ်ကြိမ်တည်းတွင် ညှိနှိုင်းပြောဆိုရန် ကြိုးစားခဲ့သည်။

“ သူတို့ရဲ့ လက်နက်အစီအစဉ်တွေ၊ အထူးသဖြင့် နျူကလီးယားလက်နက်တွေကို ပြန်မတည် ဆောက်ဖို့ သူတို့ကို သတိပေးခဲ့ပြီးသား။ ဒါပေမဲ့ သူတို့က အစကနေ ပြန်စ နေကြတယ်။ ကျွန်တော်တို့ အကုန်ဖျက်ဆီးခဲ့ပေမယ့် သူတို့က ပြန်စချင်နေကြပြီး အခုအချိန် မှာလည်း သူတို့ရဲ့ ယုတ်မာတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေကြပြန်ပြီ” ဟု ထရန့်က ဆိုသည်။

မိန့်ခွန်းအဆုံးတွင် ၎င်းအနေဖြင့် သဘောတူညီချက်ရယူရန်သာ ပိုမိုလိုလားကြောင်း ပြောကြားခဲ့သော်လည်း “ တစ်ခုတော့ သေချာတယ်၊ ကမ္ဘာ့နံပါတ်တစ် အကြမ်းဖက်အားပေး နိုင်ငံဖြစ်တဲ့ အီရန်ကို နျူကလီးယားလက်နက် လုံးဝ ရပိုင်ခွင့် မပေးနိုင်ဘူး။ ဒါကို ခွင့်မပြု နိုင်ဘူး” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

၄။ မဲလိမ်မှုနှင့်ပတ်သက်သည့် စိုးရိမ်ဖွယ်ရာ ပြောကြားချက်

အခြားသော အရေးကြီးသည့်အချက်မှာ – ရီပတ်ဘလီကန်ပါတီအတွက် အခြေအနေ ဆိုးရွားနေပုံရသော ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိစေရန် ထရန့် ဘာတွေလုပ်ဆောင်မလဲဆိုသည်ပင် ဖြစ်သည်။

၎င်းသည် “ Save America Act” ဟုခေါ်သော တင်းကျပ်သည့် မဲဆန္ဒရှင်သက်သေခံကတ်ပြား ဥပဒေကို ပြဋ္ဌာန်းရန် လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသည်။ ၎င်း၏ တရားရေး ဝန်ကြီးဌာနသည် ဂျော်ဂျီယာပြည်နယ်၊ ဖူလ်တန်ခရိုင်မှ ၂၀၂၀ မဲလက်မှတ်များကို သိမ်းဆည်း ထားပြီး ရွေးကောက်ပွဲများကို “ ပြည်ထောင်စုအဆင့် ထိန်းချုပ်ရန်” (Nationalizing) မရေမရာ ပြောဆိုထားမှုများ ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မှားယွင်းသော အချက်အလက်များပေါ် အခြေခံကာ ပြောင်းပြန် လှန်ရန် ထရန့်ကိုယ်တိုင် ကြိုးပမ်းခဲ့ဖူးသည်ကို သတိရသင့်ပြီး ယင်းက ၎င်းအနေဖြင့် အစွန်းရောက်သော အခြေအနေများအထိ လုပ်ဆောင်နိုင်စွမ်းရှိသည်ကို ပြသနေသည်။

အင်္ဂါနေ့ညက အချက်တစ်ချက်မှာ သိသိသာသာ ထွက်ပေါ်လာသည်။ ဒီမိုကရက်များကို ရည်ညွှန်း၍ “ သူတို့ ခိုးချင်နေကြတာ။ သူတို့ ခိုးခဲ့ဖူးတယ်၊ သူတို့ရဲ့ မူဝါဒတွေက အရမ်းညံ့ဖျင်း လွန်းလို့ ရွေးကောက်ခံရဖို့ တစ်ခုတည်းသောနည်းလမ်းက ခိုးဖို့ပဲ ရှိတယ်။ ဒါကို ကျွန်တော်တို့ တားဆီးသွားမယ်။ တားဆီးဖို့လည်း လိုတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုရှိခဲ့သည့် အထောက်အထား မရှိသလို၊ ဒီမိုကရက်များသည်လည်း အမေရိကန်သမိုင်းတွင် အကြိမ် ပေါင်း များစွာ အနိုင်ရရှိခဲ့ဖူးသည်။ သို့သော် ဤပြောကြားချက်အရ ရီပတ်ဘလီကန်တို့ အတွက် ခက်ခဲသော ရွေးကောက်ပွဲနှစ်တွင် ထရန့်သည် နောက်ထပ် ဆိုးရွားသော လုပ်ရပ်များ ကို လုပ်ဆောင်လာနိုင်ကြောင်း ညွှန်ပြနေသည်။

၅။ ထုံးစံအတိုင်း မှားယွင်းသော အချက်အလက်များစွာ ပြောဆိုခြင်း

ထရန့်သည် မှားယွင်းသော အချက်အလက်များ ပြောဆိုလေ့ရှိသူဖြစ်ပြီး အင်္ဂါနေ့ည မိန့်ခွန်း တွင်လည်း ယင်းသို့ ပြောဆိုမှုများစွာ ပါဝင်နေသည်မှာ အံ့သြဖွယ်မရှိပါ။

၎င်း၏ အောင်မြင်မှုများကို စတင်ပြောဆိုရာတွင် သမ္မတက ၎င်းသည် “ စံချိန်တင် ငွေကြေးဖောင်းပွမှု” ကို အမွေဆက်ခံခဲ့ရသည်ဟု ဆိုသည်။ သို့သော် ဇန်နဝါရီလ၏ ငွေကြေးဖောင်းပွမှုမှာ ၈ လအတွင်း အနိမ့်ဆုံးအဖြစ် ၂.၄% ရှိခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီတွင် ၃.၀% သာ ရှိခဲ့သဖြင့် စံချိန်တင်သည့် အခြေအနေနှင့် အလှမ်းဝေးပါသည်။ (ငွေကြေးဖောင်းပွမှုနှုန်းမှာ ဘိုင်ဒင်လက်ထက် ၂၀၂၂ ဇွန်လတွင် ၉.၁% အထိ အမြင့်ဆုံး ရောက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂ နှစ်ခွဲအတွင်း သိသိသာသာ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်)။

နယ်စပ်ကိစ္စတွင်လည်း “ နယ်စပ်ကို ဟောင်းလောင်းပွင့်နေတဲ့ အခြေအနေမှာ” အမွေဆက်ခံ ခဲ့ရသည်ဟု ဆိုသည်။ သို့သော် ယခုသက်တမ်းတွင် နယ်စပ်ဖြတ်ကျော်မှုများမှာ ၂၁ ရာစု အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသော်လည်း ယင်းမှာ သမ္မတ ဂျိုးဘိုင်ဒင် သက်တမ်း ကုန်ဆုံး ခါနီးကတည်းက သိသိသာသာ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

အချို့ပြည်နယ်များတွင် ဓာတ်ဆီဈေးမှာ တစ်ဂါလန်လျှင် ၂.၃၀ ဒေါ်လာအောက်တွင် ရှိနေသည်ဟု ထရန့်က ဆိုသော်လည်း AAA ၏ အချက်အလက်များအရ မည်သည့် ပြည်နယ်တွင်မျှ ထိုမျှအထိ ဈေးမကျသေးပေ။

တစ်ကမ္ဘာလုံးမှ ဒေါ်လာ ၁၈ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်ဟု ဆိုခြင်းမှာလည်း အလွန်အမင်း ချဲ့ကားပြောဆိုခြင်း ဖြစ်သည်။

ထို့ပြင် “ အမေရိကန် သမိုင်းတစ်လျှောက်မှာ အခုအချိန်ဟာ အလုပ်လုပ်နေတဲ့ အမေရိကန် နိုင်ငံသား အများဆုံးအချိန်ပဲ” ဟု ဆိုသည်။ ယင်းမှာ လူဦးရေအရေအတွက်အရ ကြည့်လျှင် မှန်ကန်သော်လည်း လူဦးရေတိုးပွားလာသောကြောင့်သာ ဖြစ်သည်။ အမှန်စင်စစ် ထရန့် လက်ထက်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၏ အလုပ်အကိုင် တိုးတက်မှုမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးနှစ်များထဲမှ တစ်ခုဖြစ်သည်။

ထရန့်က ယခုခေတ်ကို “ ရွှေခေတ်” ဟု တင်စားပြီး “ စီးပွားရေးဟာ အရင်ကနဲ့မတူအောင် အရှိန်အဟုန်နဲ့ တိုးတက်နေတယ်” ဟု ဆိုသော်လည်း ယင်းသို့ပြောဆိုနိုင်ရန်အတွက် အချက်အလက်များကို ၎င်းစိတ်ကြိုက် လိုသလို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။

၆။ ဒီမိုကရက်များ၏ ကန့်ကွက်ဆန္ဒပြမှုများ

အော်ဟစ်နှောင့်ယှက်ခြင်းမပြုရန် ဒီမိုကရက်တစ်ခေါင်းဆောင်များ၏ တောင်းဆိုမှုကို လျစ်လျူရှုခဲ့သူများမှာ တလက်ဘ်နှင့် အိုမာတို့သာ မဟုတ်ပါ။ (တလက်ဘ်က အက်ပ်စတိုင်း ၏ ဖိုင်များကို ပိုမိုထုတ်ပြန်ရန် ထရန့်ကို တောင်းဆိုခဲ့ပြီး အိုမာက သမ္မတသည် အမေရိကန် နိုင်ငံသားများကို သတ်ဖြတ်နေသည်ဟု စွပ်စွဲခဲ့သည်)။

မိန့်ခွန်းအစောပိုင်းတွင် တက္ကဆက်ပြည်နယ်မှ လွှတ်တော်အမတ် အယ်လ်ဂရင်း (Al Green) သည် ပြီးခဲ့သည့်နှစ်ကကဲ့သို့ပင် လွှတ်တော်ခန်းမအတွင်းမှ ခေါ်ထုတ်ခြင်း ခံခဲ့ရသည်။ ထရန့် အခန်းမထဲသို့ ဝင်လာစဉ် ဂရင်းသည် ၎င်း၏နောက်ကျောတွင် “ လူမည်းတွေဟာ မျောက်ဝံ တွေ မဟုတ်ဘူး” ဟု ရေးထားသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့သည်။ ယင်းမှာ အိုဘားမား ဇနီးမောင်နှံကို မျောက်ဝံများအဖြစ် သရုပ်ဖော်ထားသည့် လူမျိုးရေးခွဲခြားသော ဗီဒီယို တစ်ခု ကို ထရန့်က မျှဝေခဲ့ပြီးမှ ပြန်ဖျက်ခဲ့သည့် လုပ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ထို့ပြင် ထရန့်က ၎င်းအနေဖြင့် စစ်ပွဲ ၈ ခုကို အဆုံးသတ်နိုင်ခဲ့သည်ဟု ဆိုချိန်တွင် ဒီမိုကရက်တစ်အမတ်တစ်ဦးက ယခင်သမ္မတ အိုဘားမားကို ရီပတ်ဘလီကန်အမတ် ဂျိုးဝီလ်ဆင် (Joe Wilson) ကဲ့သို့ပင် ထရန့်ကို “ လူလိမ်” ဟု အော်ဟစ်ခဲ့သည်။

အင်္ဂါနေ့တွင် ကျင်းပသည့် လွှတ်တော်နှစ်ရပ်ပေါင်းစုံညီအစည်းအဝေး၌ နိုင်ငံတော်အခြေပြ မိန့်ခွန်း မပြောကြားမီ သမ္မတ ဒေါ်နယ်ထရန့်သည် အောက်လွှတ်တော်ခန်းမသို့ ရောက်ရှိ လာစဉ် ။ (ဓာတ်ပုံ – Kenny Holston/The New York Times/Pool/Reuters)

(ပုံစာ – သမ္မတ ထရန့် မိန့်ခွန်းပြောကြားစဉ် ရီပတ်ဘလီကန်များက လက်ခုပ်တီးကြပြီး ဒီမိုကရက်များက နေရာတွင်ပင် ဆက်လက်ထိုင်နေကြစဉ်။ ဓာတ်ပုံ – Kevin Lamarque/Reuters)

(ပုံစာ – သမ္မတ ဒေါ်နယ်ထရန့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်။ ဓာတ်ပုံ – Kenny Holston/The New York Times/Pool/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က