မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို အကူအညီပေးရန် အိန္ဒိယရေတပ် သင်္ဘော (၃) စင်းဟာ မေလ ၁၈ ရက်က ရန်ကုန်မြို့ကို ဆိုက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရေတပ်သင်္ဘောတွေဖြစ်တဲ့ INS Shivalik, INS Kamorta, INS Savitri တို့ဟာ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများ တင်ဆောင်လာခဲ့ကြတာပါ။
အဲဒီပစ္စည်းတွေထဲမှာ အရေးပေါ် အစားအစာ၊ မိုးကာတဲများ၊ရွှေ့ပြောင်းရလွယ်တဲ့ မီးစက်များ၊ အဝတ်အထည်၊ ရေစုပ်စက်၊ ဆေးဝါးများ၊ တာပေါ်လင်စများ၊ တကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း၊ ဘီးတပ်ထိုင်ခုံတွေနဲ့ နှာခေါင်းစည်း စတာတွေ ပါဝင်ပါတယ်။
စုစုပေါင်းတန်ချိန် ၄၀ ရှိပြီး “ ကရုဏာ” ဆိုတဲ့စီမံချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကတဆင့် စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံကို လွှဲပြောင်းပေးအပ်ခဲ့တာလို့ သိရပါတယ်။
အိန္ဒိယရေတပ်သင်္ဘော နောက်တစင်းဟာလည်း ဒီကနေ့ မေလ (၁၉) ရက်မှာ ထပ်မံရောက်ရှိလာမယ်လို့ သိရပါတယ်။
အဲဒီ ကူညီထောက်ပံ့မှုပစ္စည်းတွေကို မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို ချက်ချင်းပေးပို့သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
Era’Eyes | Photo -CRD