ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မူတြော်ခရိုင်အုပ်ချုပ်ရေးဒေသ မှာ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ် (BGF) စခန်းကို ကရင်အမျိုးသားတပ်မတော် (KNLA) ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ BGF ၅ ဦးသေတယ်လို့ KNU-
မူတြော် က မေ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ မူတြော်ခရိုင်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နဲ့ အမျှ ခိုးဆိုးလုယူစားသောက်ကာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်ကောင်စီတပ် တို့ ဟာ KNLA အမှတ်(၅)တပ်မဟာလက်အောက်က တပ်ရင်း၊ တပ်ခွဲတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
ကတဲတိ နဲ့ ထီးကဆောမဲကြားမှာ စခန်းချပြီး ပြည်သူတွေဆီက ဆက်ကြေးတောင်းယူနေတဲ့ နယ်ခြားစောင့်တပ် (BGF) စခန်းကို မေ ၂၀ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ KNLA-အမှတ်(၅)တပ်မဟာလက်အောက် တပ်ရင်း (၁၀၂) နဲ့ တပ်ခွဲတွေ စုပေါင်းပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း BGF တွေဘက်က တပ်ခွဲမှူး စောဘာယို အပါအဝင် ၅ ဦးသေဆုံးကာ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နယ်ခြားစောင့်တပ် BGF-1013 တပ်က မေ ၁၉ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ဖိုဃဲထာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့်ပြည်သူ ၂ ဦး ထိခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU-မူတြော် က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Era’sEyes /Photo -KNLA