မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ (၁၇) သန်းနီးပါးကို ထပ်တိုးကူညီသွားရန် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအကူအညီကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထောက်ပံ့မှုအများဆုံး လိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများဆီသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူ ရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန်အရေးကြီးကြောင်းလည်း ဖော်ပြထားပါသည်။
ဗြိတိန်အစိုးရကလည်း မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် အမေရိကန်ဒေါ်လာ ၂သန်းခွဲ ကူညီရန် မေလ (၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူ ၁ ဒဿမ ၆ သန်းကို ဒေါ်လာ ၃၃၃ သန်းကို အရေးပေါ် အကူအညီပေးဖို့ မြန်မာနိုင်ငံရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေက မေတ္တာရပ်ခံလိုက်သည်ဟု ကုလသမဂ္ဂလူသားချင်း အကူအညီပေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး ( OCHA) က မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါသည်။
Source: US Embassy, Myanmar