ယနေ့ မေလ (၃၀) ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများ အားလုံးစုပေါင်းဆွေးနွေးကြမည့် စစ်ကိုင်းဖိုရမ်ကို ကျင်းပနေပြီး နက်ဖန် မေလ (၃၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
“စစ်ကိုင်းဖိုရမ်” သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ သဝဏ်လွှာပို့ကြောင်း ကေအဲန်ယူ၏လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားသည်။
ယင်းသဝဏ်လွှာတွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။
စစ်ကိုင်းဖိုရမ်မှတဆင့် တော်လှန်ရေးခရီးတလျှောက်တွင် နိုင်ငံရေးအရ ပိုမို၍ စုစည်းမှု၊ ကျစ်လစ်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာခြင်းနှင့်အတူ နာခံမှုရှိပြီး စစ်စည်းကမ်းလိုက်နာသော တိုက်ပွဲဝင်တော်လှန်ရေးသမားများကို လေ့ကျင့်မွေးထုတ်နိုင်ပြီး အာဏာရှင်ချုပ်ငြိမ်းရေးမှတဆင့် ခေတ်ပြောင်း၊ စနစ်ပြောင်းအတွက် ပြုလုပ်သည့် တော်လှန်ရေးကြီးတွင် အောင်ပွဲအလီလီ ရရှိနိုင်ပါကြောင်း ဆန္ဒပြုလိုက်သည်ဟု ဖော်ပြထားပြီး KNU အနေနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲဆောင်ရွက်သွားရန် အဆင်သင့် ရှိကြောင်းလည်း ဖော်ပြထားပါသည်။
Source: KNU