အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကျပ်အတည်းဖြေရှင်းရေးနှင့် ထောက်ပံ့ရေး ဗဟိုဌာနတို့ ဇွန်လ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီးမှာ မြန်မာနိုင်ငံအတွက် ပြင်သစ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။
မုန်တိုင်းဒဏ်ထိခိုက် ခံစားခဲ့ရသူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးအပ်နိုင်ရေးကိစ္စရပ်တွေကိုလည်း အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာန (AHA)မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ပြင်သစ်က ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက မိုခါမုန်တိုင်းသင့် ဒေသတွေကို ကွင်းဆင်းပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသလို ထောက်ပံ့ကူညီငွေတွေလည်း ပေးအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ စစ်ကောင်စီက ရခိုင်ဒေသကို နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများ မိုခါမုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီရန်အတွက် ရခိုင်သို့ခရီးသွားလာခွင့်ကို စစ်ကောင်စီက ဇွန် (၇) ရက်နေ့မှာ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
Era’Eye/Photo/NUG