ယခု ၂၀၂၃ခုနှစ် ၅လတာကာလအတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ နေအိမ်စုစုပေါင်း ၂၁၃၅၃အိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ခုနှစ် ဇန်နဝါရီလကနေ မေလပိုင်းကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့စပ်လျဉ်းပြီး Data For Myanmar က ယနေ့ ဇွန်လ ၁၄ရက်မှာ ထုတ်ပြန်လာတာပါ။
ထို ၅လအတွင်း စစ်ကောင်စီရဲ့ နေအိမ်များ မီးရှို့ခံရမှုဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး ၁၆၆၃၈အိမ်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရကာ မကွေးတိုင်းမှာ ၁၈၄၀အိမ်နဲ့ မန္တလေးတိုင်းမှာ ၉၇၃အိမ်ရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၅၃၈၁၆အိမ်ရှိခဲ့ပြီး မကွေးတိုင်းမှာ ၁၀၄၅၁အိမ်၊ ချင်းပြည်နယ်မှာ ၁၆၃၇အိမ်၊ ကချင်မှာ ၁၃၇၈အိမ်နဲ့ မန္တလေးတိုင်းမှာ ၁၂၀၆အိမ်တို့ ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုသည် နေအိမ်စုစုပေါင်း ၇၀၃၂၄အိမ်အထိရှိပြီဖြစ်တယ်လို့ Data For Myanmar က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Era’sEye/(ပုံစာ – မေလ ၁၉ရက်နေ့က ခင်ဦးမြို့နယ်အတွင်းရှိ ကံသစ်ကျေးရွာက အရပ်သားနေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့မှုအားတွေ့ရစဉ်။)