တပ်ဖွဲ့တည်ထောင်ပြီး တစ်နှစ်ခွဲကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၉၁ဦးကို ချေမှုန်းနိုင်ခဲ့တယ်လို့ BPLAကထုတ်ပြန်လိုက်ပါတယ်။
BPLA ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ရှေ့တန်းစစ်မြေပြင်သို့ စတင်ရောက်ရှိခဲ့ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အခြားသောမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲကာလ တစ်နှစ်ခွဲအတွင်း တိုက်ပွဲအကြိမ်ရေ ၄၄ ကြိမ်ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၆၀ မမ ၄ လက်၊ ၄၀ မမ ၂ လက်၊ RPG ၂ လက်နဲ့ အခြားလက်နက်ငယ်တွေ အပါအဝင် ၆၈ လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲဒီကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force for Federal Democracy(FFD)နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနဲ့လည်း လက်တွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။