၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၄)ရက် ၊ ခေတ်မျက်လုံး။
ကရင်ပြည်နယ်၊ ကျောက်တံခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA-PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA-PDF ပူးပေါင်းတပ်တို့သည် ဇူလိုင်လ ၂ရက်နေ့နဲ့ ၃ရက်နေ့က သမင်အင်းကုန်းရွာအနီးမှာ တစ်ကြိမ်နဲ့ ရေတွင်းကုန်းကျေးရွာတို့မှာ တစ်ကြိမ် တိုက်ပွဲများဖြစ်ပွားခဲ့တာပါ။
စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးသေဆုံးခဲ့ကာ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ကျောက်တံခါးဆေးရုံသို့ အရေးပေါ်ကားများဖြင့် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ကျောက်တံခါးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်တဲ့ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇နဲ့ ပိန်းဇလုပ် ခမရ ၂၆၄တပ်တို့ ပူးပေါင်းကာ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးကင်းလှည့်စဉ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်က သူဌေးကုန်းရွာကနေ လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပြီး ထိုလက်နက်ကြီးသည် ဒိုးတန်းရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ KNLA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Era’sEye