နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်အုပ်စုကြောင့် နိုင်ငံဝန်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၅ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းချိန်မှစပြီးတော့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၇ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူတွေစာရင်းကို AAPP က ထုတ်ပြန်ထားတာပါ။
နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံတဝန်းမှာ ကျောင်းသား၊ ကျောင်းသူ ၁၂၀၆ဦး ဖမ်းဆီးခံခဲ့ရကာ ၇၁၆ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရဆဲ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၃၈ဦးပါဝင်ပြီးတော့ အဲဒီအထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူ ၇ဦးရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ထက် ၂နှစ်ကျော်ကာလ နွေဦးတော်လှန်ရေးအတွင်းမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကျဆုံးခဲ့ရတာဆိုရင် စုစုပေါင်း ၃၇၅၇ဦး ရှိပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Era’s Eye