ဒီကနေ့ရဲ့ ညနေ ၄ နာရီ ဝန်းကျင်လောက်ကနေ အခုချိန်လောက်ထိကို ယင်းမာပင်မြို့ရဲ့ မြောက်ဘက် အခြမ်းကို စစ်ကောင်စီဘက်က လေးကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မုံရွာ နမခကနေ တက်လာတဲ့ MI-35 ယင်းမာပင်မြို့နယ်ရဲ့မြောက်ဘက် အခြမ်းကိုပေ့ါ အခု ၄ နာရီ ၁၀ မိနစ်လောက်ကနေ စပြီးတော့ လေယာဉ်နဲ့ ပစ်ခတ်နေပါတယ် ပြည်သူတွေကလည်း လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက် ရွာမှာ မနေရဘဲ ထိခိုက် ဒဏ်ရာ ရရှိထားတဲ့ ပြည်သူတွေလည်း ရှိပါတယ်”
အဲဒီ ယင်းမာပင် မြောက်ခြမ်းမှာရှိနေတဲ့ ဒေသခံတစ်ဦးက ခေတ်မျက်လုံးကို ပြောပြတာပါ။ လေကြောင်းက တိုက်ခိုက်သလို မြေပြင်က စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ဒေသခံ တစ်ချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“နွားကျောင်းသမလေးတွေကို ၄ ယောက်ကိုလည်း ဓါးစာခံ အဖြစ်ဖမ်းထားပါတယ် အဲဒီ မိန်းမပျိုလေးတွေ ၄ ယောက်ကလည်း ဘယ်လို ဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ မသိရသေးပါဘူးဗျ အခုချိန်ထိ လေယာဉ်ကလည်း တောက်လျောက်ကို တိုက်ပွဲ မဖြစ်ဘဲနဲ့ကို တောက်လျောက်ကို ပစ်ခတ်နေပါတယ်ဗျ”
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယင်းမာပင်မြို့နယ်တစ်ဝိုက်ကို ရွှေတောင်ဦးရွာဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတွေ ညတွင်းချင်း တိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။ တစ်ချို့ဆိုရင် အခုချိန်ထိ ကျေးရွာ အပြင်ဘက်မှာ ထွက်ပြေးတိမ်းရှောင် နေရသလို စစ်ကောင်စီဘက် တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
#Era’sEye