စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းက ကျေးရွာတွေထဲ စစ်ကောင်စီက ကုန်းကြောင်းရော ရေကြောင်းကပါ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ မိုးထဲရေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင်လ (၂၁) ရက်နေ့ကစပြီး ဆားလင်းကြီးနယ် မြောက်ခြမ်းမှာ ရွာစဉ်ပတ်မွှေမီးရှို့နေတဲ့ အင်အား (၁၀၀) ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ဆားလင်းကြီးနယ် တောင်ခြမ်းက ဆားခါးရွာကို စီးနင်းဝင်မွှေ လုယက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဉ်သုံးစီးကလည်း ဆားလင်းကြီးနယ်ထဲ မြစ်ကမ်းတလျှောက်က ရွာတွေကို ပစ်ခတ်နေလို့ မြစ်ကမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီသင်္ဘောတွေဟာ ချင်းတွင်းမြစ်ကမ်းနားတလျှောက် ရမ်းပစ်ခတ် လာနေတဲ့အတွက် ပြည်သူတွေ ကမ်းနားနဲ့ ဝေးရာသို့ အမြန်ဆုံး ရှောင်ရှားကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
ဇူလိုင်လ (၂၁) ရက်နေ့က စတင်ပြီး ဆားလင်းကြီးနယ် မြောက်ခြမ်း ရွာစဉ်ပတ်မွှေနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လက်ပံတောင်းရွာကို လုယက်မီးရှို့ ဖျက်ဆီးခဲ့သလို ဝဲကြီးရွာ၊ ဝဲကွဲရွာ၊ ပေါင်းဝရွာတွေကိုလည်း စီးနင်းဝင်မွှေကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးနယ် တရုတ်ကြေးနီစီမံကိန်းက စစ်ကောင်စီ စစ်ကြောင်းဟာ အနီးဝန်းကျင် ရွာတွေကို ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
eraseye