ကန်ပက်လက်မြို့ရှိ မဆာတွီကျေးရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စခန်းချနေထိုင်ပြီး ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၉ရက်နေ့က ကန်ပက်လက်မြို့၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ နှစ်ညတာ စခန်းချနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်း စခန်းချနေထိုင်စဉ် ကျေးရွာအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အဦများ၊ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခြင်း၊ ဖျက်ဆီးခြင်း၊ ပစ္စည်းများသယ်ဆောင်ခြင်း၊ မူးယစ်သောက်စားခြင်းနဲ့ အိမ်မွေးတိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ကျေးရွာအတွင်းရှိ အဆောက်အဦများပေါ်မှာ “မိုင်းမထောင်နဲ့ ချောင်းမပစ်နဲ့၊ ကိုယ့်လမ်းကိုသွားနေတာ အေးဆေးနေ တစ်ရွာလုံး ပြာကျသွားမယ်”၊ “PDF လက်ခံ မင်းတို့ရွာအမှန် ပျက်ကိုပျက်စီးဖြစ်လိမ့်မယ်၊ PDF ပျက်သုန်း မင်းတို့အကုန်လုံး ချမ်းသာသုခရလိမ့်မည်”၊ “God Bless To You! CDF/PDF လက်နက်ချ၊ အလင်းဝင်” စတဲ့ စာများ ရေးသားကာ ခြိမ်းခြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဇူလိုင်လ ၁၄ရက်နေ့က ရင်းကဲကျေးရွာကို မီးရှီု့ဖျက်ဆီးခဲ့ပြီး ဇူလိုင်လ ၁၈ရက်နေ့မှာလည်း မဆာတွီကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye