အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထွက်လာလဲ လုံးဝမပြောင်းလဲဘဲ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာ ဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၃၁ရက် က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ရဲ့ အထူးအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောဆိုခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်ထွက်လာရင် ပြောင်းသွားမလားမေးကြတာရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းလဲပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်မှာမဟုတ်ဘဲ အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပြီး ဝိုင်းဝန်းဆောင်ရွက်ကြရင် မဖြစ်နိုင်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံပြောပါတယ်။
အထူးအစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မဟာမိတ်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တဲ့လုပ်ငန်းတွေကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
Era’sEye\News