လီဗာပူးအသင်းဟာ မကြာခင်စတင်တော့မယ့် ၂၀၂၃-၂၄ ဘောလုံးရာသီသစ်အတွက် အသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ ဗန်ဒိုက်ကို ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုနွေရာသီစျေးကွက်အတွင်း ကွင်းလယ်လူ ဟန်ဒါဆင် အသင်းက ထွက်ခွါသွားတာကြောင့် အသင်းခေါင်းဆောင်သစ်အဖြစ် နောက်ခံလူ ဗန်ဒိုက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် အာနိုးကို ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရာသီကထိ လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟန်ဒါဆင်ဟာ ဆော်ဒီကလပ် အဲလ်အစ်တီဖက်အသင်းကို တစ်ပတ်လုပ်ခလစာ ပေါင် ၇ သိန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်လို့ အသင်းခေါင်းဆောင် နေရာ လစ်လပ်နေခဲ့တာပါ။
လီဗာပူးအသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်က ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေ ရရှိခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်းခေါင်းဆောင်ရာထူးခန့်အပ်ခံရတဲ့ ပထမဆုံးနောက်ခံလူလည်း ဖြစ်လာခဲ့ပါတယ်။
အသင်းခေါင်းဆောင်ရာထူးခန့်အပ်ခံရပြီးနောက်မှာ ဗန်ဒိုက်က “ကျတော့်နဲ့ မိသားစုအတွက် တကယ့်ကို ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါပဲ၊ အခုချိန်မှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ကျတော် မဖော်ပြတတ်အောင် ဖြစ်ရပါတယ်၊ နယ်သာလန်လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ခွင့်ရတုန်းကလည်း အခုလိုပဲ ခံစားခဲ့ရပါတယ်”လို့ ဆိုပါတယ်။ အသက် ၃၂ နှစ်အရွယ် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
Era’sEye\SportNews