မုံရွာမြို့မှာ ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြခဲ့စဉ် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းတာကို ခံခဲ့ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။
ဩဂုတ်လ (၈)ရက်နေ့ ညနေပိုင်းက မုံရွာမြို့ရှိ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာအနီး ပြည်ထောင်စုလမ်းမပေါ်မှာ ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲပြုလုပ်စဉ် စစ်ကောင်စီက အိမ်စီးကားတစ်စီးနဲ့ ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် လူငယ် (၃)ဦး ဖမ်းဆီးခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုအခါမှာတော့ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် (၃)ဦးကို စစ်ကောင်စီက ရိုက်နှက်နေတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၈)ရက်နေ့က ကျရောက်ခဲ့တဲ့ ရှစ်လေးလုံး ၃၅နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
#Era’sEye \News